မကွေးနှင့် စစ်ကိုင်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး CDM ပြုလုပ်

မကွေးနှင့် စစ်ကိုင်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး CDM ပြုလုပ်

အောက်တိုဘာ ၁၆

မကွေးတိုင်း၊ ဆောမြို့၊ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ရဲတပ်ဖွဲ့တစ်ဦးနှင့် တပ်မတော်သား တစ်ဦး စုစုပေါင်း သုံးဦးတို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြောင်း ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်နှင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့က အသီးသီး သတင်းထုတ်ပြန် သည်။

ယောဒေသ ကာကွယ်ရေးတပ်များ အားကောင်းရာ ဒေသ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၊ မြို့မရဲ စခန်းက ရဲတပ်သား ငြိမ်းမောင်သည် အောက်တိုဘာလ ၁၄ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာကြောင်း ယောဒေသ ကာကွယ်ရေးတပ် (YDF- ဆော၊ ကျောက်ထု) အဖွဲ့က ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် ရဲတပ်သားငြိမ်းမောင်ကို ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် တွင် လွတ်မြောက်နယ်မြေသို့ ကောင်းမွန်စွာ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နောက်နောင်တွင် စစ်လက်နက် အပြည့်အစုံနှင့်တကွ YDF (ဆော၊ ကျောက်ထု) အဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သော ဆုကြေးငွေကို ပေးအပ်၍ လွတ်မြောက်နယ်မြေ (သို့) ပြည်ပနိုင်ငံသို့ ပို့ဆောင်ပေးမည်” ဟု YDF (ဆော၊ ကျောက်ထု) အဖွဲ့က ကြေညာထားသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ အရာတော် မြို့မ ရဲစခန်းက ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ်ကျော်လှိုင်ဦးတို့ နှစ်ဦးသည်လည်း အောက်တိုဘာလ ၆ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်းပါဝင်လာသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

CDM လုပ်ခဲ့ကြသော ၎င်းတို့ နှစ်ဦးကို ယမန်နေ့ အောက်တို ဘာလ ၁၅ ရက်တွင် လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် လမ်းခွဲပြီး လူထုနှင့် ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကတိပြု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly