ဧရာဝတီတိုင်းရှိ မြို့နယ်တိုင်းတွင် ပြောက်ကျား တပ်ဖွဲ့ရှိနေပြီဟု DGWCF ပြော

ဧရာဝတီတိုင်းရှိ မြို့နယ်တိုင်းတွင် ပြောက်ကျား တပ်ဖွဲ့ရှိနေပြီဟု DGWCF ပြော

အောက်တိုဘာ ၁၄

ဧရာ၀တီတိုင်းရှိ မြို့နယ်တိုင်းတွင် ပြောက်ကျားတပ်ဖွဲ့များရှိနေပြီဖြစ်ကြောင်း မြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစု (DGWCF) ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်ဖြူလေးကပြောသည်။

မြို့နယ်တိုင်းရှိ ပူးပေါင်း ပြောက်ကျားတပ်ဖွဲ့များသည် ဇွန်လ ၁ရက်မှ အောက်တိုဘာလ ၁၂ရက်အထိ စာရင်းများအရ စစ်ကောင်စီနှင့် ပတ်သက်သည့်အရာများကို ဗုံးအလုံး ၄၀ ကျော်ဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး(ဒလန်) ရှစ်ဦးကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ဖြူလေးက ဆိုသည်။

မြို့ပြပြောက်ကျားများ အစီအစဥ်ဆွဲထားသည့်စစ်ဆင်ရေး အစီအစဉ်တချို့သည် ပြည်သူများထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ဖျက်ခဲ့ရသည်လည်းရှိကြောင်း သိရသည်။

"မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက မြို့နယ်တိုင်းမှာရှိတဲ့ PDF တွေ မြို့ပြပြောက်ကျားတွေနဲ့ ပူပေါင်းပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့အရာတိုင်းကို တိုက်ခိုက်နေတာပါ။တခြားမိတ်ဖက်အဖွဲ့အစည်းတွေလည်း အများကြီးရှိပါတယ်။ ပြည်သူတွေအတွက် ကျွန်တော်တို့အဖွဲ့တွေမြို့နယ်တိုင်းမှာရှိနေပါပြီ။ အခုအချိန်မှာတော့ လက်နက်လိုအပ်တာမျိုးတွေရှိနေသေးလို့ တိုက်ပွဲမလုပ်ဆောင်နိုင်သေးတာပါ"ဟု ဗိုလ်ဖြူလေးက ပြောသည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု အနေနှင့် စစ်အုပ်စုပြုတ်ကျသည်အထိ ပြည်သူများဘက်မှ တိုက်ခိုက်ပေးသွားမည်ဖြစ်ပြီး

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ပြည်သူအားလုံး တစ်ထောင့်တစ်နေရာက ပါဝင်ပေးပါဟု ဗိုလ်ဖြူလေးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly