ဒဂုံဆိပ်ကမ်းမြို့နယ် NLD ဒုဥက္ကဋ္ဌဟောင်း ဦးကြည်လင်းအပါအဝင် ၃ ဦးနှင့် တောင်ဒဂုံမြို့နယ်မှ လူ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရ

ဒဂုံဆိပ်ကမ်းမြို့နယ် NLD ဒုဥက္ကဋ္ဌဟောင်း ဦးကြည်လင်းအပါအဝင် ၃ ဦးနှင့် တောင်ဒဂုံမြို့နယ်မှ လူ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရ

အောက်တိုဘာ ၁၃

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ NLD ဒုဥက္ကဋ္ဌ ဟောင်း ဦးကြည်လင်းအပါအဝင် သုံးဦးနှင့် တောင်ဒဂုံမြို့နယ်၊ ရပ်ကွက် (၆)ခုမှ လူ ၁၀ ဦး ထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီက အောက်တိုဘာလ ၁၁ ရက်ညပိုင်းက ဖမ်းဆီးသွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၉) ရပ်ကွက်၊ သီရီရွှေတောင်လမ်းတွင် နေထိုင်သူ ဦးကြည်လင်း၏ နေအိမ်ကို အောက်တိုဘာလ ၁၁ ရက် ည ၁၀နာရီ ကျော်ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့၀င်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဝင်ရောက်ဖမ်းဆီးရာတွင် ဦးကြည်လင်းအပါအဝင် နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ ဖိုးဇော်ဆိုသူနှင့် ကိုစည်သူ တို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးကြည်လင်း၏ နေအိမ်အတွင်းမှ ဆိုင်ကယ်နှင့် ဖုန်းများကို သိမ်းဆည်းသွားသည့်အပြင် နေအိမ်အတွင်း မှ ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖျက်ဆီးသွားခဲ့သေးသည်။

ယင်းအပြင် တောင်ဒဂုံမြို့နယ် ရပ်ကွက် ခြောက်ခုမှ လူ ၁၀ဦးထက်မနည်းကိုလည်း အောက်တိုဘာလ ၁၁ ရက် ညပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ တောင်ဒဂုံမြို့နယ် (၅၄) ရပ်ကွက်မှ အမျိုးသား သုံးဦး၊ (၁၉) ရပ်ကွက် မှ အမျိုးသား တစ်ဦး၊ (၇၀) ရပ်ကွက်မှ အမျိုးသမီး တစ်ဦး၊ (၅၆) ရပ်ကွက်မှ အမျိုးသား တစ်ဦး၊ (၂၄) ရပ်ကွက်မှ အမျိုးသား တစ်ဦး၊ အမည်နေရပ်လိပ်စာအတည်ပြုနိုင်ခြင်း မရှိသေးသည့် အမျိုးသမီး နှစ် ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ဖွဲ့ သုံးခု ဖြင့် အင်အားသုံးကာ ဖမ်းဆီးမှုများကို တစ်ပြိုက်နက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၂ရက် နံနက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ်ရှိ ဧရာဝဏ်လမ်းပေါ်တွင် စက်ဘီးစီးနေသည့် အမျိုးသမီး တစ်ဦးကို ထပ်မံဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများကို ရိုက်နှက်မှုများ ပြုလုပ်‌ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

တောင်ဒဂုံမြို့နယ်အတွင်းက ရပ်ကွက်များထဲသို့ ဝင်ရောက် ဖမ်းဆီးရာတွင် စစ်ကောင်စီ၏ ကားပေါ်တွင်သပိတ်များတွင်ပါ၀င်ဖူးသူ ကိုလင်းညိုဆိုသူ ရှိနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလကလည်း ကိုလင်းညိုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ဒဂုံမြို့နယ်တွင် နှစ်ရက်အတွင်း ၃၅ ဦးအထိ ဖမ်းဆီးခဲ့ကြပြီး ဒဂုံဆိပ်ကမ်း၊ သာကေတ၊ သင်္ဃန်းကျွန်းနှင့် မြောက်ဒဂုံမြို့နယ်တို့တွင်လည်း ၎င်းကြောင့် ဖမ်းဆီးခံရသူများရှိခဲ့သည်။

စစ်ကောင်စီက ဖမ်းဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ယခုအချိန်အထိ မသိရှိရသေး၍ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly