အိန္ဒိယ ကက်ရှ်မီးယား၌ အငှားယာဥ်ဝန်ဆောင်မှု ထူထောင်လုပ်ကိုင်သည့် လူငယ်အင်ဂျင်နီယာ

အိန္ဒိယ ကက်ရှ်မီးယား၌ အငှားယာဥ်ဝန်ဆောင်မှု ထူထောင်လုပ်ကိုင်သည့် လူငယ်အင်ဂျင်နီယာ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားတွင် စရီနာဂါမြို့မှ အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်း၏ ကိုယ်ပိုင် ကားအငှားဝန်ဆောင်မှုလုပ်ငန်း ‘Novo Cabs’ ကို စတင်လုပ်ဆောင်လျက် ရှိပြီး ထိုအငှားယာဥ် ဝန်ဆောင်မှုကို ကက်ရှ်မီးယားရှိ ပြည်သူတို့၏ အိမ်တံခါးဝအထိ ကမ်းလှမ်းပေးလျက် ရှိသည်။ အဆိုပါ ကက်ရှ်မီးယား တောင်ကြားသည် ယင်း အငှားယာဥ် ဝန်ဆောင်မှုမျိုးကို ပထမဆုံး ရရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်‌တော်တို့ဟာ Ola နဲ့ Uber တို့လို နာမည်ကျော် ဘရန်းတွေနဲ့ မယှဥ်နိုင်ဘူး ဆိုပေမယ့် ကျွန်‌တော်တို့ရဲ့ ဖောက်သည်တွေကို အရည်အသွေးမှီတဲ့ ဝန်ဆောင်မှုမျိုး ပေးဖို့ ကြိုးစားနေပါတယ်” ဟု အဆိုပါ ပေါ်ထွန်းစ startup လုပ်ငန်း တည်ထောင်သူ အဗ္ဗဒူလ် မာဂျစ်ဒ် ဇာဂါက ပြောသည်။

၎င်းသည် ထိုလုပ်ငန်းကို ထူထောင်ရန် ၂၀၁၉ ခုနှစ်ကတည်းက စီစဥ်ခဲ့ခြင်း ဖြစ်သည်။

“ဒါပေမယ့် ဒါက ဥပဒေပုဒ်မ ၃၇၀ ကိစ္စနဲ့ အင်တာနက် ပိတ်မှုတို့နဲ့ ကြုံခဲ့ရတယ်၊ အဲဒါတွေက အစီအစဥ်တွေကို နှောင့်နှေးကြန့်ကြာစေခဲ့တယ်၊ နောက်ပိုင်းမှာ ကျွန်တော်ဟာ ကက်ရှ်မီးယားမှာ ချန်ဒီဂါ အခြေစိုက် အငှားကား အစုအဖွဲ့တစ်ခုဖြစ်တဲ့ Jugnoo ကို မိတ်ဆက်ခဲ့တယ်၊ ဒါပေမယ့် စီးပွားရေးလုပ်ငန်းပိုင်း ထိပ်တိုက်တွေ့မှု တချို့နဲ့ လုပ်ငန်းတွင်း ဆက်စပ် ကိစ္စတွေကြောင့် ကျွန်တော် အဝေးကို ပြောင်းရွှေ့ခဲ့ပါတယ်” ဟု မာဂျစ်က ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၎င်းသည် ‘Novo Cabs’ ကို တရားဝင် စတင်ထူထောင်ခဲ့သည်။ “ကျွန်တော် ကိုယ်ပိုင်ကားတွေ ဝယ်မယ့်အစား တက္ကစီ ဒရိုင်ဘာတွေ၊ ကားပိုင်ရှင် အများအပြားနဲ့ ကျွန်တော် ပူးပေါင်းလက်တွဲ လုပ်ဆောင်ခဲ့ပါတယ်၊ ပြီးတော့ လုပ်ငန်း ဖွဲ့စည်းပုံတစ်ခုလုံးကို ခေတ်မီ နည်းပညာတွေနဲ့ ဖြည့်စွက်ပေါင်းထည့်ခဲ့ပါတယ်၊ ခုဆို လူတွေဟာ နိုဗို ကက်ဘ်စ် အက်ပလီကေးရှင်းကနေတဆင့် တခဏအတွင်း အငှားယာဥ်တွေ ခေါ်ယူနိုင်ပါပြီ” ဟု မာဂျစ်က ပြောသည်။

လက်ရှိအချိန်တွင် ၎င်းတို့တွင် လမ်းများပေါ်၌ ပြေးဆွဲနေသည့် ကားအစီးပေါင်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ “ဒီထဲမှာ Maruti Eeco ၊ Santro ၊ Wagon R နဲ့ Etios တို့ ပါ ပါတယ်၊ နောက်ပြီး သိပ်မကြာခင်မှာ သုံးဘီးကားတွေနဲ့ နှစ်ဘီးယာဥ်တွေကိုလည်း ကျွန်တော်တို့ မိတ်ဆက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကက်ရှ်မီးယားနှင့် ယင်း၏ ပြည်သူများသည် အခက်အခဲဒုက္ခ များစွာ တွေ့ကြုံထားခဲ့ရသည်ဟု ၎င်းက ပြောသည်။ “ဒီ လုပ်ငန်းသစ်က သူတို့တွေရဲ့ ဘဝတွေမှာ ခံစားနေရတဲ့ ဒုက္ခတစ်ချို့ကို ကူညီပြေလျော့စေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒါကတော့ ကျွန်တော့်နေရာက လူတွေအတွက် ဝန်ဆောင်မှု အမျိုးအစားတစ်ခုပါပဲ” ဟု မာဂျစ်က ပြောသည်။ မာဂျစ်သည် ၂၀၁၇ ခုနှစ်က အဝမ်တီပိုရာရှိ အစ္စလမ္မစ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (IUST) မှ B Tech ဘွဲ့ကို ရရှိထားသူ ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ လုပ်ငန်း၏ အလုပ်လုပ်ချိန် နာရီသည် မနက် ၇ နာရီမှ ည ၉ နာရီအထိ ဖြစ်သည်။ “ဒါပေမယ့် ကျွန်တော်တို့ ၂၄ နာရီလုံး ဝန်ဆောင်မှု ပေးနိုင်ဖို့ စီစဥ်နေပြီး ဒရိုင်ဘာတွေဟာ အဆိုင်းတွေနဲ့ လုပ်ကြပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကက်ရှ်မီးယားတွင် အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်မှုနှုန်း ဇီးရိုး ဖြစ်သော်လည်း မာဂျစ်က ၎င်းတို့အနေဖြင့် ၎င်းတို့၏ အငှားယာဥ်များဖြင့် စီးနင်းသွားလာသည့် အမျိုးသမီးများ၏ ဘေးကင်းလုံခြုံရေးကို အထူးဦးစားပေး လုပ်ဆောင်နေသည်ဟု ပြောသည်။

အလားတူ ၎င်း၏ startup လုပ်ငန်းက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်သည်ဟု သိရသည်။ လက်ရှိတွင် ၎င်း၏ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွင် ဒရိုင်ဘာ ရာကျော် စာရင်းသွင်းထားသည်ဟု သိရသည်။ “သူတို့တွေဟာ ကပ်ရောဂါ ကာလအတွင်း အလုပ်အကိုင်တွေ ဆုံးရှုံးထားခဲ့တဲ့ မတူညီတဲ့ နယ်ပယ်တွေက လာသူတွေ ဖြစ်ပါတယ်၊ လုပ်ငန်း စတင် ကြီးထွားလာတာနဲ့ ကျွန်တော်တို့ဟာ လူစွမ်းအားရင်းမြစ်တွေ ထပ်မံ ခေါ်ယူသွားမှာဖြစ်ပြီး ဒီအတွက်ကြောင့်လည်း နောက်ထပ်လူတွေ အလုပ်အကိုင်တွေ ရပါလိမ့်မယ်” ဟုလည်း မာဂျစ်က ပြောခဲ့သည်။

ကက်ရှ်မီးယားတွင် လော့ခ်ဒေါင်း၊ အင်တာနက် ပိတ်မှု နှင့် နိုင်ငံရေး မသေချာမရေရာမှုများကြောင့် အရာအားလုံးသည် ကြိုတင်ခန့်မှန်း၍ မရသည့် အခြေအနေတွင် ဆက်ရှိနေသည်။ မည်သို့ပင် ဖြစ်စေ စီးပွားရေးလုပ်ငန်းသည် အမြတ်အစွန်း ရနိုင်သလို အရှုံးလည်း ပေါ်နိုင်သည်ဟု မာဂျစ်က ပြောသည်။

လုပ်ငန်းတစ်ခုလုံး အင်တာနက်အပေါ် မှီခိုထားရသလား မေးမြန်းရာတွင် ၎င်းက အင်တာနက် ပြတ်တောက်မှု ထပ်မံမဖြစ်ပေါ်စေရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

“အခြေအနေတွေက ခုချိန်မှာ ပြောင်းလဲနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ တကယ်လို့ အင်တာနက် အခက်အခဲဖြစ်ရင် SMS စနစ်နဲ့ လည်ပတ်နိုင်ဖို့ အရန်အစီအစဥ်တွေ ထားရှိထားပါတယ်၊ ဖုန်းလိုင်းတွေပါ ပိတ်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မပြောတတ်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

“အရာအားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly