အိန္ဒိယအစိုးရ၏ ဒစ်ဂျစ်တယ်ကျန်းမာရေးမစ်ရှင်အပေါ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ချီးကျူးပြောဆို

အိန္ဒိယအစိုးရ၏ ဒစ်ဂျစ်တယ်ကျန်းမာရေးမစ်ရှင်အပေါ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ချီးကျူးပြောဆို

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ စတင်ဆောင်ရွက်ခဲ့သည့် အမျိုးသား ဒစ်ဂျစ်တယ်ကျန်းမာရေးမစ်ရှင် Ayushman Bharat Digital Mission သည် ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းက ပြည်သူတို့၏ ဘဝများကို မည်ကဲ့သို့ ကူညီတိုးတက်စေနိုင်သလဲ ဆိုသည်ကို ပြသသည့် “အကောင်းဆုံး ဥပမာ” တစ်ခုပင် ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

အိန္ဒိယ-အာဆီယံ စီးပွားရေး ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားတွင် ဘလာခရစ်ရှ်နန်က ပြောကြားရာတွင် COVID-19 ကပ်ရောဂါကာလအတွင်း ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းဆိုင်ရာ အရှိန်အဟုန် တိုးတက်မှုတစ်ခု ရှိခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။

“ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ပြီးခဲ့တဲ့အပတ်က စတင်ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယရဲ့ အယွတ်ရှ်မန် ဘာရတ် ဒစ်ဂျစ်တယ် ကျန်းမာရေး အိုင်ဒီ ဟာ ဆိုရင် ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းက ပြည်သူတွေရဲ့ ဘဝတွေကို ဘယ်လိုမျိုး ကူညီတိုးတက်စေနိုင်သလဲ ဆိုတာအတွက် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ပြီးခဲ့သည့်လက ဗီဒီယိုကွန်းဖရင့်စနစ်ကနေတဆင့် Ayushman Bharat Digital Mission ကို စတင်ဖော်ဆောင်ခဲ့သည်။

အဆိုပါ မစ်ရှင်အောက်တွင် အိန္ဒိယနိုင်ငံသားတိုင်းသည် တစ်မူထူးခြားသည့် ကျန်းမာရေး အိုင်ဒီ (ID) တစ်ခု ရရှိမည် ဖြစ်ပြီး အဆိုပါ အိုင်ဒီက ကိုယ်ရေးကိုယ်တာ ကျန်းမာရေးမှတ်တမ်းများနှင့် ချိတ်ဆက်နိုင်သည့် ကျန်းမာရေး အကောင့်တစ်ခုအဖြစ် အလုပ်လုပ်မည် ဖြစ်သည်။

Ayushman Bharat Digital Mission သည် ဒစ်ဂျစ်တယ် ကျန်းမာရေး ဖွဲ့တည်မှုစနစ်အတွင်း အပြန်အလှန် ချိတ်ဆက်မှုစနစ်ကို ဖန်တီးပေးမည် ဖြစ်ပြီး ယင်းက ငွေပေးချေမှုများကို လုံးဝဥဿုံ ပြောင်းလဲရာတွင် Unified Payments Interface (UPI) က ပါဝင်ခဲ့သည့် အခန်းကဏ္ဍနှင့် အလားသဏ္ဍာန်တူသည်။ နိုင်ငံသားများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များ ရရှိအသုံးပြုနိုင်ရန် ကလစ်တစ်ချက် သာ နှိပ်ရန် လိုမည် ဖြစ်သည်။

အွန်လိုင်းကနေ ကျင်းပသည့် အခမ်းအနားတွင် ဘလာခရစ်ရှ်နန်က အာဆီယံနှင့် အိန္ဒိယအကြား ကုန်သွယ်မှုသည် မကြာခင်က မြင့်တက်ထားခဲ့ကြောင်း အလေးပေးပြောခဲ့သည်။ ထို့ပြင် ဒေသတွင်း အုပ်စုနှင့် အိန္ဒိယတို့သည် အာဆီယံ၏ ဗဟိုကျမှုကို မြှင့်တင်ရန်နှင့် “ပွင့်လင်းပြီး အလုံးစုံပါဝင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုပုံစံ” တစ်ခုကို အားပေးရန် ကတိပြုထားသည်ဟု ၎င်းက ပြောသည်။

ထို့ပြင် အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို အားကောင်းစေခဲ့သည့် ပြီးခဲ့သည့် ကာလအတွင်း လုပ်ဆောင်ချက်များကြောင့် ၎င်းအနေဖြင့် အားတက်ခဲ့ရကြောင်း ဘလာခရစ်ရှ်နန်က ပြောသည်။

“အိန္ဒိယဘက်က ယင်းရဲ့ Act East မူဝါဒအောက်မှာ အာဆီယံနဲ့အကြား ပိုမို တိုးမြှင့်ချိတ်ဆက်ပတ်သက်ဖို့နဲ့ တီထွင်ဆန်းသစ်မှု ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်တွေ ချဲ့ထွင်ဖို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် အိန္ဒိယနှင့် စင်္ကာပူအကြား မကြာသေးခင် ကာလက ကုန်သွယ်မှု ပမာဏပိုင်း သိသိသာသာ တိုးတက်ခဲ့သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ ၂၀၁၀ မှာ အာဆီယံ-အိန္ဒိယ လွတ်လပ်တဲ့ ကုန်သွယ်မှု ဧရိယာကို ထူထောင်ခဲ့ပြီးနောက် ကုန်သွယ်မှုဟာ ၂၀၁၉ မှာ ကန်ဒေါ်လာ ၇၇ ဘီလီယံအထိ နှစ်ဆနီးပါး တက်ထားခဲ့ပါတယ်၊ COVID-19 ကာလမှာလည်း အိန္ဒိယနဲ့ အာဆီယံဟာ ကုန်စည်ထောက်ပံ့မှုကွင်းဆက်တွေကို ထိန်းသိမ်းဖို့နဲ့ မဖြစ်မနေ လိုအပ်တဲ့ ကုန်တွေ စီးဆင်းမှုကို လွယ်ကူစေဖို့အတွက် အတူတကွ လုပ်ဆောင်ထားခဲ့ကြပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly