မြန်မာနိုင်ငံက စစ်ဘေးရှောင် ကလေး ဦးရေ ၂,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်တွင် ပညာသင်ကြားနေ

By ပါခွီး
11 October 2021
မြန်မာနိုင်ငံက စစ်ဘေးရှောင် ကလေး ဦးရေ ၂,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်တွင် ပညာသင်ကြားနေ

အောက်တိုဘာ ၁၁

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လာသော ကလေး ဦးရေ ၂,၀၀၀ ကျော် ပညာသင်ကြားနေကြောင်း မီဇိုရမ်ပြည်နယ်၏ ပညာရေးဝန်ကြီး လားလ်ချန့်ဒန်မာ ရားသဲ (Lalchhandama Ralte) က ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်က ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ဇိုးနက် (Zonet ) ရုပ်သံသတင်းဌာနနှင့် မေးမြန်းခန်းတွင် ၎င်းက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

" ကျောင်းတက်တဲ့ ကလေးစာရင်းက အမြဲတမ်းအပြောင်းအလဲရှိနေတဲ့အတွက် အတိအကျပြောဖို့တော့ခက်တယ်။ မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင်တိုင်းလိုလိုမှာရှိနေတယ်။ Champhi , Hnahthial , Lawngtlai , နဲ့ Siaha ခရိုင်တို့မှာ အများဆုံးဖြစ်တယ်။ တချို့ နေရာတွေမှာဆိုရင် စာသင်ခန်းနဲ့ ထိုင်ခုံမလုံလောက်တာတွေလည်းရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအတွက် လိုအပ်သည့် အထောက်အပံ့များကို အိန္ဒိယဗဟိုအစိုးရထံတင်ပြထားပြီး အမြန်ဆုံးရရှိရန် မျှော်လင့်ကြောင်း အင်တာဗျူးတွင် ဝန်ကြီးက ပြောသည်။

ပညာသင်ကြားနေသည့် ကလေးများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ နှင့် နေ့လည်စာအတွက်လည်း မီဇိုရမ်အစိုးရမှ ထောက်ပံ့ပေးထားကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်မှ စစ်ဘေးရှောင် ဦးရေ ၁၀,၀၀၀ (တစ်သောင်းကျော် )ခိုလှုံနေသည်ဟုလည်း ပညာရေး၀န်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly