တူနီရှားမှာ သမ္မတရဲ့ ‘အာဏာသိမ်းမှု’ ကို လူထောင်ပေါင်းများစွာ စုရုံးဆန့်ကျင် 

တူနီရှားမှာ သမ္မတရဲ့ ‘အာဏာသိမ်းမှု’ ကို လူထောင်ပေါင်းများစွာ စုရုံးဆန့်ကျင် 
Photo - AFP

အောက်တိုဘာ ၁၁

လွန်ခဲ့တဲ့ ဆယ်စုနှစ် အာရပ်နွေဦးတော်လှန်ရေးကနေ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့တဲ့ တူနီးရှားနိုင်ငံမှာ သမ္မတရဲ့ အာဏာချုပ်ကိုင်မှုနဲ့ ပတ်သက်လို့ လူအနည်းဆုံး ၆၀၀၀ ကျော်ထက်မနည်းဟာ တနင်္ဂနွေနေ့မှာ စုရုံးဆန့်ကျင်ကြပါတယ်။ 

စစ်ဆေးရေးဂိတ်တွေနဲ့ ဆန္ဒပြသူတွေကို စက္ကရင်ဖတ်တာတွေ ရှိတဲ့ကြားကပဲ ဝန်ကြီးချုပ်ဖြစ်သူကို ဇူလိုင် ၂၅ ရက်နေ့က အနားပေးခဲ့တဲ့ သမ္မတ ကိုင်စ်ဆေးအိဒ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အကြီးဆုံးလူစုရုံး ဆန္ဒပြမှုပဲ ဖြစ်ပါတယ်။ 

လများစွာ နိုင်ငံရေး သောင်မတင်ရေမကျဖြစ်ပြီးနောက်မှာ သမ္မတ ကိုင်စ်ဆေးအိဒ်ဟာ ဝန်ကြီးချုပ်ကို ဖယ်ရှားသလို လွှတ်တော်ကို ဆိုင်းငံ့ပြီး တရားစီရင်ရေးအာဏာကိုပါ ချုပ်ကိုင်ထားခဲ့တာကြောင့် ခုလို ဆန့်ကျင်စုရုံးကြတာပဲ ဖြစ်ပါတယ်။ 

စုရုံးဆန္ဒပြမှု အင်အားအများဆုံးအချိန်မှာ လူ ၆၀၀၀ ကနေ ၈၀၀၀ ကြားလောက်ရှိမယ်လို့ ရဲသတင်းရင်းမြစ်တစ်ရပ်က ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ တူးနစ်မြို့လယ်က ဘော်ဂီဘာရိပ်သာလမ်းမကြီးဆီ ဦးတည်စုရုံးကြတာ ဖြစ်ပါတယ်။ 

“ဒီ အာဏာသိမ်းမှုကို ပြည်သူတွေက ဆန့်ကျင်တယ်၊ အသံတွေ ဖွင့်ထုတ်ကြပါ၊ တော်လှန်ရေးဟာ မသေဆုံးဘူး”လို့ အနီနဲ့အဖြူ တူနီးရှားအလံကို ဝှေ့ယမ်းရင်း ဆန္ဒပြသူတစ်ဦးက ဟစ်ကြွေးပြောဆိုပါတယ်။ 

“ကျွန်တော်ဟာ မွန်ဆက်ဖ် မာဇော့ကီရဲ့ ဒီမိုကရက်တစ်ဦး၊ ထောက်ခံသူတစ်ဦးအနေနဲ့ ဒီမှာ ရောက်ရှိနေတာပဲ”ဆိုပြီး အသက် ၅၀ ဝန်းကျင် ဆန္ဒပြအမျိုးသားတစ်ဦးက နိုင်ငံရဲ့ သမ္မတဟောင်းတစ်ဦးကို ရည်ရွယ်ပြီး ပြောဆိုပါတယ်။ သမ္မတဟောင်း မွန်ဆက်ဖ် မာဇော့ကီဟာ ၂၀၁၁ နဲ့ ၂၀၁၄ ကြားမှာ တူနီးရှားသမ္မတအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး လက်ရှိမှာ ပါရီမှာ နေထိုင်လျက် ရှိပါတယ်။ 

အခြားသူ အများစုကတော့ လက်ရှိ ရပ်နားထားတဲ့ လွှတ်တော်မှာ အကြီးဆုံးဖြစ်တဲ့ အစ္စလာမ္မစ် ရှေရှုတဲ့ Ennahdha ပါတီကို ထောက်ခံသူတွေအဖြစ် ဖော်ထုတ်ပြသကြပါတယ်။ 

ချီတက်စုရုံးကြသူအချို့ကတော့ ရှေ့ဆက်တိုး ဆန္ဒပြဖို့ကို ရဲတွေက တားဆီးရာမှာ ခြိမ်းခြောက်တာမျိုးတွေ ရှိနေတယ်လို့ အေအက်ဖ်ပီကို ပြောကြပါတယ်။ 

“ကျွန်တော်က ခင်ဗျားတို့ ရန်သူ မဟုတ်ဘူး၊ တူနီးရှားနိုင်ငံကို ချစ်မြတ်နိုးလို့ ထွက်လာခဲ့တာပဲ”လို့ နိုင်ငံအလံတော်ကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတစ်ဦးက ရဲတစ်ဦးကို ပြောဆိုနေတာကို မြင်တွေ့ကြားသိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly