ပျူစောထီးများရိုက်နှက်ခံရသော အဟောာင်းပစ္စည်းဆိုင်လုပ်သား သေဆုံး

ပျူစောထီးများရိုက်နှက်ခံရသော အဟောာင်းပစ္စည်းဆိုင်လုပ်သား သေဆုံး

အောက်တိုဘာ ၁၀

မြင်းခြံမြို့ရှိ ပစ္စည်းဟောင်းဝယ်ရောင်းသည့်ဆိုင်တစ်ဆိုင်မှ အလုပ်သမားတစ်ယောက်သည် ပျူစောထီးများ၏ ရိုက်ခံရပြီးနောက် ယမန်နေ့နံနက်က သေဆုံးသွားသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်ရှိ ရေသန့်ဗူးခွံ၊ ကြေး၊ သံတိုသံစ စသည့် အဟောင်းပစ္စည်းများ ရောင်းဝယ်သည့် ဆိုင်မှ အလုပ်သမား အသက် ၃၉ နှစ်အရွယ် ကိုဟန်နိုင်ဝင်းသည် အရက်ဖိုးတောင်းရာကနေအစပြုကာ အလုပ်ရှင်နှင့် အချင်းများပြီးနောက် ပျူစောထီးများ၏လက်ထဲရောက်ကာ " မေ့သွားအောင်" ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။

"ကျွန်တော်တို့ စီမှာက အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ အရက်ဖိုးတောင်းတဲ့ ဓလေ့ရှိတယ်၊ တောင်းရင်လည်း ငါးရာ၊ တစ်ထောင်ပဲ ၊ သူက အဲ့လိုသွားတောင်းတယ်ထင်တယ်။ မူးရူးရမ်းကားပြီး လုပ်တဲ့ဓလေ့တော့မရှိဘူး၊ မူးလာရင် ဟိုဟာလေးပေးပါ၊ ဒီဟာလေး ပေးပါဆိုပြီး အလုပ်ရှင်ဆီက သွားတောင်းကြတာပဲ။ မပေးနိုင်ဘူးပြောရင် ပေကပ်ကပ်လုပ်တာတော့ ရှိမှာပါ၊ ရမ်းကားတာတော့ မလုပ်ဘူး၊ တိုင်တဲ့သူကလည်း သူ့တပည့်ကို သေစေချင်တဲ့ ဆန္ဒပါချင်မှ ပါမယ်။ ပျူစောထီးကို အပ်လိုက်တော့ စစ်ကောင်စီကကောင်တွေနဲ့ ပေ‌ါင်းပြီး လုပ်တာပေါ့။ သူကလည်း နည်းနည်းမူးနေတော့ ပြန်ပြောတာတွေရှိမှာပေါ့၊ အဲ့တာကို မူးမေ့သွားအောင်ရိုက်တယ်၊ ပြီးမှ ပစ်ထားပြီး မိသားစုကို ‌လာခေါ်ခိုင်းတယ်" ဟု မိသားစုနှင့်နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။

" ဆိုင်ရှင်က ဗိုလ်မှူးအမေဆိုတော့ ပျူစောထီးအဖွဲ့ကိုဖုန်းဆက်ပြီး ဆုံးမပေးဖို့ပြောလိုက်တာ။ သူ့ကို ပျူစောထီးတွေက လူမှုဖူလုံရေးရုံးထဲခေါ်ပြီး မျက်နှာကိုအဝတ်စည်း လက်ပြန်ကြိုးတုပ် ဝမ်းလျားမှောက်ခိုင်းပြီး ဝါယာကြိုးနှစ်ပင်လိမ်ပြီး ရိုက်တယ်။ အဲဒီမှာ သူက အရိုက်ခံရတာများတော့ မင်းတို့သတ်ချင်သတ် မရိုက်နဲ့။ သတ္တိရှိရင် ကြိုးဖြေပေးလို့ ပြန်ပြောလို့ ပိုရိုက်တာ၊ မျက်နှာရော တစ်ကိုယ်လုံးရော ဖူးယောင် စုတ်ပြတ်ပြီး သေသွားတယ်" ဟု သူက ထပ်ပြောသည်။

ရိုက်နှက်ခံထားရသော ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ကိုဟန်ဝင်းအောင်ကို အောက်တိုဘာ ၈ ရက်နေ့ညနေပိုင်းတွင် ပစ်ထားခဲ့ရာ မိသားစုဝင်များက သွားရောက်ခေါ်ဆောင်ခဲ့ရသည်။ နောက်တစ်နေ့နံနက်တွင်တော့ ကိုဟန်ဝင်းအောင် သေဆုံးသွားခဲ့သည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်နွှယ်သော အသိုက်အဝန်းမှ လူတချို့သည် ၎င်းတို့၏ သားသမီး၊ ဝန်ထမ်း၊ အလုပ်သမားများကို ဆုံးမလိုလျှင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့သို့ အကြောင်းကြား တိုင်ကြားခြင်းမျိူး ပြုလုပ်လေ့ရှိကြောင်း ဒေသခံကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly