ပါကစ္စတန်ဝန်ကြီးချုပ်၏ ကတိမတည်မှုကြောင့် အာဖဂန်ဒုက္ခသည်များ စိတ်မသက်မသာ ဖြစ်နေရ

ပါကစ္စတန်ဝန်ကြီးချုပ်၏ ကတိမတည်မှုကြောင့် အာဖဂန်ဒုက္ခသည်များ စိတ်မသက်မသာ ဖြစ်နေရ

ပြီးခဲ့သည့် သုံးနှစ်ခန့်က ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းက ၎င်းအနေဖြင့် အာဖဂန် ဒုက္ခသည်များကို အပြည့်အဝ နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ကတိပြုထားခဲ့သော်လည်း ၎င်း၏ အဆိုပါ ကတိကဝတ်အတိုင်း လက်ရှိအချိန်အထိ ဖြည့်ဆည်းပေးထားခဲ့ခြင်း မရှိသေးပေ။

အာဖဂန်ဒုက္ခသည်များကို နိုင်ငံသားအဖြစ် ခံယူခွင့်ပေးမည်ဆိုသည့် ကမ်းလှမ်းချက်လည်း ဖြစ်၊ ကတိစကားလည်း ဖြစ်သည့် အဆိုပါ ပြောဆိုချက်ကို အီမရန် ခန်းက ၎င်း ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီး များမကြာမီ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကာ ယင်းစကားက နိုင်ငံရေး အတွေ့အကြုံ မရှိသူတစ်ဦးထံကနေ ပေါက်ဖွားလာခဲ့သည့် စကားပင် ဖြစ်ကြောင်း Al Arabiya Post က ဖော်ပြသည်။

သို့ရာတွင် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်သွားနိုင်ခဲ့ခြင်းက ဒေသတွင်း မတည်မငြိမ်မှုကို ဖြစ်ပေါ်ထားစေခဲ့သလို အာဖဂန် ဒုက္ခသည် အမြောက်အမြား စုပြုံကျလာမှုကို ဖြစ်ပေါ်စေခဲ့ကာ အခြေအနေများကို ပိုမို ရှုပ်ထွေးထားစေခဲ့သည်။

အီမရန် ခန်းက မျှော်လင့်ချက်များကို ပေးခဲ့သည့်အခါတွင် ပါကစ္စတန်ရှိ အာဖဂန်အသိုင်းအဝိုင်းက ၎င်းတို့အပေါ် ပါကစ္စတန်က သစ္စာဖောက်သကဲ့သို့ ခံစားခဲ့ကြရပြီး ဆယ်စုနှစ် လေးစုကြာပြီးနောက်တွင်လည်း ၎င်းတို့သည် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများ၊ ဥပဒေ အကာအကွယ်နှင့် လူမှုဆိုင်ရာ လက်ခံကြိုဆိုမှုပိုင်းနှင့်ပတ်သက်လာလျင် ၎င်းတို့သည် “အပြင်လူများ” အဖြစ်သာ ဆက်ရှိနေခဲ့ကြသည်။ အာဖဂန်လူငယ် အများအပြားသည် အိမ်ထောင်ဘက် ရှာခြင်း မရှိသလို အကြောင်းမှာ ၎င်းတို့၏ လူမျိုး၊ နိုင်ငံသားဖြစ်မှုက မယုံကြည်မှုကို ဖြစ်စေ၍ ဖြစ်သည်။ ၎င်းတို့သည် ပါကစ္စတန်တွင် လိုလားခြင်း မခံရသော သူများ ဖြစ်နေကြသည်ဟု Al Arabiya Post က ဖော်ပြသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အာဖဂန်ဒုက္ခသည်များကို လူသား ရှုထောင့်ကနေ ရှုမြင်သည်။ “အာဖဂန် ဒုက္ခသည်များကို ပါကစ္စတန်နိုင်ငံသားဖြစ်ခွင့် အပြည့်အဝ ခွင့်ပြုခြင်း ကိစ္စ” နှင့်ပတ်သက်ပြီး ဝါရှင်တန် အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စင်တာ (CGD) က ၂၀၂၀ မတ်လတွင် ထုတ်ပြန်ရာတွင် ပါကစ္စတန်တွင် မှတ်ပုံတင်ထားသည့် အာဖဂန် ဒုက္ခသည် ခန့်မှန်းခြေ ၁ ဒသမ ၅ သန်းနှင့် မှတ်ပုံမတင်ထားသည့် နောက်ထပ် ဒုက္ခသည် ၁ သန်း တို့ ရှိနေမှုက ပါကစ္စတန် အစိုးရဘက်က အသိအမှတ်ပြုရန် ဝန်လေးနေသည့် ဖုံးနေသော မူဝါဒရေးရာ ကိစ္စတစ်ခု၏ လက္ခဏာတစ်ခု ဖြစ်သည်ဟု ဆိုခဲ့သည်။

“အာဖဂန်နစ္စတန်ရှိ နိုင်ငံရေး အခြေအနေက နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ပါကစ္စတန်အပေါ် ပြဋ္ဌာန်းနိုင်သည်” ဟု ယင်းက ပြောသည်။ ဒုက္ခသည် ကွန်ဗန်းရှင်း၏ အပိုဒ်ခွဲ ၁ (က) (၂) တွင် ဒုက္ခသည်တစ်ဦး ဆိုသည်မှာ ၎င်း၏ မိခင်နိုင်ငံတွင် ဖိစီးနှိပ်စက်မှုရန်ကို ကြောက်လန့်နေသူ ဖြစ်သည်ဟု တိတိကျကျ ဖော်ပြထားသည်။

အာဖဂန်ဒုက္ခသည်များကို နိုင်ငံသားဖြစ်ခွင့်ပြုမှုအပေါ် ကန့်ကွက်မှုများကို တုံ့ပြန်ရန် ကြိုးပမ်းမှုအဖြစ် ယင်းက “နိုင်ငံသား ဖြစ်ခွင့်ပေးမှုအပေါ် ဆန့်ကျင် အဆိုပြုနေတဲ့ အဓိက အကြောင်းပြချက် နှစ်ခု ရှိပါတယ်၊ ပထမတစ်ချက်က ပါကစ္စတန်ဟာ ဆင်းရဲနေခဲ့ပြီးသားဖြစ်တဲ့အတွက် နောက်ထပ်လူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ခေါင်းခံနိုင်မှု မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်၊ ဒီ အကြောင်းပြချက်ကတော့ အခြေအမြစ် မရှိဘဲ ပေးနေတာဖြစ်ပါတယ်၊ တကယ်ဆိုရင် အာဖဂန်ဒုက္ခသည်တွေဟာ ပါကစ္စတန် စီးပွားရေးထဲ နှစ်စဥ် ဒေါ်လာ သန်း ၃၅၀ ထည့်ဝင်ပေးနေပါတယ်၊ ဒီပမာဏအပြင် ပါကစ္စတန်ဆီ နိုင်ငံတကာ အလှူရှင်တွေဆီကနေ ပေးတဲ့ အကူအညီ တစ်နှစ်ကို ဒေါ်လာ သန်း ၁၅၀ လည်း ရှိပါတယ်။ ဒါ့အပြင် အာဖဂန် ဒုက္ခသည်တွေဟာ ပက်ရှာဝါ ၊ ကရာချိ နဲ့ ခိုင်ဘာ-ပက်ခ်တွန်ခဝါ ရဲ့ အပိုင်းနေရာ အများအပြားမှာ သိသာထင်ရှားတဲ့ စီးပွားရေး ပမာဏတစ်ခုကို စီမံလည်ပတ်နေပြီး ကုန်ထုတ်လုပ်သူတွေအတွက် မြင့်တက်နေခဲ့တဲ့ ဝယ်လိုအားတစ်ခုကို ဖြစ်ပေါ်စေသလို အလုပ်အကိုင် ခန့်အပ်မှုပိုင်းကိုလည်း ထောက်ကူပံ့ပိုးပေးနေပါတယ်။ နောက်ပြီး ဆောက်လုပ်ရေးနဲ့ စွန့်ပစ်ပစ္စည်း ပြုပြင်စီမံမှု ကဏ္ဍတွေမှ သူတို့ရဲ့ ထည့်ဝင်ပါဝင်မှုတွေကလည်း တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ” ဟု ဖော်ြပခဲ့ကြောင်း Al Arabiya Post က ဖော်ပြသည်။

“ဒုတိယ အကြောင်းပြချက်ကတော့ ပါကစ္စတန် နိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ ကိစ္စတွေအပေါ် တည်မှီနေပါတယ်၊ အဲဒါကတော့ အာဖဂန် ဒုက္ခသည်တစ်ချို့ဟာ အာဖဂန်နစ္စတန်မှာ ရှိတဲ့ အကြမ်းဖက်သမားတွေနဲ့ ချိတ်ဆက်ပတ်သက်မှုတွေ ရှိတဲ့အတွက် ဒုက္ခသည် အယောင်ဆောင်ထားသူတွေကို ပါကစ္စတန်ဘက်က နိုင်ငံသားဖြစ်ခွင့်ပေးမိတာမျိုး ကြုံသွားရနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း လူမျိုးစုဆိုင်ရာ ရပ်ကွက်တွေက အကြမ်းဖက်သမား လူသစ်စုဆောင်းမှုအတွက် ပေါက်ပွားဖြစ်ထွန်းနိုင်တဲ့ နေရာတွေအဖြစ် ရှိနေနိုင်တာကြောင့် နိုင်ငံသားဖြစ်ခွင့် မပြုတာက ဖြစ်စေချင်တာနှင့် တစ်ခြားစီ ဆိုသလို ဖြစ်နိုင်တယ်ဆိုတာကို စဥ်းစားဖို့ ပါကစ္စတန်အနေနဲ့ ပျက်ကွက်နေပါတယ်၊ ဒီ စိုးရိမ်ပူပန်စိတ်ကပဲ လူအနည်းငယ်ရဲ့ ပြစ်မှုတွေအတွက် လူသန်းချီကို အပြစ်ပေးသလို ဖြစ်နေပါတယ်” ဟု CGD က ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက်ပိုင်း ၂၀၂၁ သြဂုတ် ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် ယင်း၏ လေ့လာချက်ထဲတွင် CGD က “အာဖဂန်နစ္စတန်ကနေ အမေရိကန် ထွက်ခွာသွားတာနဲ့အတူ ပါကစ္စတန်မှာ ရှိတဲ့ အာဖဂန် ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေဟာ မရေမရာ အခြေအနေမှာ ရှိနေခဲ့ပါပြီ” ဟု ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly