၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာနေ ပြည်သူအချို့ကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက သက်သေအထောက်အထား မရှိဘဲ ဖမ်းဆီးပြီး ကျပ်နှစ်သိန်းမှ ကျပ်သိန်း ၂၀ အထိ ငွေညှစ် တောင်းယူမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
CDM ထောက်ပံ့သူ၊ နွေဦးထီရောင်းသူ၊ PDF နှင့် စစ်တပ်ဆန့်ကျင် ဆန္ဒပြသူဟု သက်သေအထောက် အထားမရှိ ဘဲ စွပ်စွဲကာ အကြပ်ကိုင် ငွေညှစ်နေသည် ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
"ဆင်းရဲ ချမ်းသာ အလိုက် ပေါက်ဈေးရှိတယ်။ ၂ သိန်းကနေ သိန်း ၂၀ အထိပေးရတာတွေရှိတယ်" ဟု ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ငွေကြေးပေးနိုင်သူများမှာ စစ်ကြောရေးကို မရောက်သကဲ့သို့ တရားရုံး လည်း မရောက်ဘဲ ပြန်လည် လွတ်မြောက်လာသူများရှိပြီး ငွေမပေးနိုင်သေးသူများကို ဆက်လက် ဖမ်းထား သည်ဟု ဒေသခံအချို့က ပြောသည်။
အောက်တိုဘာလ ၃ ရက်နေ့က မော်ကျွန်းမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်ရှေ့တွင် ဗုံးနှစ် လုံးဆင့်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ သံသယဖြင့် ဖမ်းခံထားရသူ အချို့ငွေမပေးနိုင်သေး၍ ပြန်မလွတ်သေး ဟု သိရသည်။
"တနေရာရာမှာ ဗုံးပေါက်တယ်ကြားရင် ဆိုင်ကယ်တွေစစ်တယ်။ ပြောကြရင် အပြင်မထွက်ရဲဘူး။ ယူနီ ဖောင်းဝတ်ထားတဲ့ သူကို တွေ့ရင် ရှောင်သွားနေရတယ်။ ငွေညှစ်မှာ ကြောက်လို့" ဟု မြို့ခံ ဆိုင်ကယ် ကယ်ရီ မောင်းသူတစ်ဦး က ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ သက်သေ အထောက်အထားမရှိဘဲ သံသယနှင့် ဖမ်းဆီးခံထားရသူ ၇၀ နီးပါး အထိရှိလာပြီဟု ဒေသခံများက ပြောသည်။
မအူပင်၊ ပုသိမ်၊ ရေကြည်၊ မြောင်းမြ စသည့် မြို့နယ်များတွင်လည်း ဖမ်းဆီး ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိ နေကြောင်း မြို့ခံ အချို့က ပြောသည်။