အိန္ဒိယနှင့် လကမ္ဘာ ပထဝီနိုင်ငံရေး

By The Indian Express
09 October 2021
အိန္ဒိယနှင့် လကမ္ဘာ ပထဝီနိုင်ငံရေး

ရေးသားသူ- စီရာဂျာမိုဟန်

အိန္ဒိယအစိုးရသည် လက်ရှိ အာကာသအခင်းအကျင်းနှင့် ပတ်သက်၍ ပေါ်ပေါက်နေသည့် စိန်ခေါ်မှုများကို ဂရုစိုက် စိတ်ဝင်စားပြီး နိုင်ငံတော်၏ လကမ္ဘာခရီးစဉ်များနှင့် ပတ်သက်၍ မဟာဗျူဟာများကို ချမှတ်သင့်သည်။

လွန်ခဲ့သော ၁ နှစ်က အမေရိကန်ဦးဆောင်သော ၈ နိုင်ငံတို့သည် လပေါ်သို့ လူသားများအား ၂၀၂၄ ခုနှစ်မတိုင်မီ ပြန်လည်စေလွှတ်မည့် အစီအစဉ်အတွက် သဘောတူညီချက်အား Artemis Accords ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ ယင်းသဘောတူညီချက်သည် လူသားများက လပေါ်တွင် သယံဇာတများကို ရှာဖွေခြင်းမှအစ အခြေချနေထိုင်မှုများအထိ လုပ်ဆောင်မှုများတွင် သတ်မှတ်ထားသည့် လမ်းညွှန်စည်းကမ်းများအား လိုက်နာရသည် စာချုပ်ဖြစ်သည်။ စာချုပ်တွင် ပါဝင်ချုပ်ဆိုသည့် နိုင်ငံများမှာ ဩစတြေးလျ၊ ကနေဒါ၊ အီတလီ၊ ဂျပန်၊ လူဇင်ဘတ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဗြိတိန်နှင့် အမေရိကန်တို့ ဖြစ်သည်။ ထို့နောက် ဘရာဇီး၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ယူကရိန်နိုင်ငံတို့လည်း ပါဝင်လက်မှတ်ရေးထိုးလာသည်။

အဆိုပါ သဘောတူညီချက်သို့ အိန္ဒိယပါဝင်ရန် အမေရိကန်က ဖိတ်ခေါ်ထားသည်။ ပြီးခဲ့သည့်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့ အိမ်ဖြူတော်၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ် အဆိုပါ ကိစ္စကို တရားဝင်ကနဦး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံပြီးနောက် ၄ နိုင်ငံ ဖိုရမ်၏ အစည်းအဝေးတွင်လည်း မိုဒီနှင့် ဘိုင်ဒင်သည် ဩစတြေးလျနှင့် ဂျပန်ဝန်ကြီးချုပ်များနှင့်အတူ အာကာသအစီအစဉ်နှင့် ပတ်သက်၍ QUAD ၏ လုပ်ငန်းအကောင်အထည်ဖော် ရေး အဖွဲ့သစ်ကို ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။ အာကာသတွင် စီးပွားရေးနှင့် စစ်ရေးအစီအစဉ်များ ကြီးထွားလာခြင်းကို QUAD ခေါင်းဆောင်များက စိတ်ဝင်စားလာသည်။

နည်းပညာစွမ်းဆောင်ရည်များ မြင့်တက်လာချိန်တွင် နို်ငငံများအနေဖြင့် ကမ္ဘာမြေအပြင်ဖက် အာကာသ (ရေကြောင်းပညာရပ် ဝေါဟာရအားဖြင့် ပြင်ပအာကာသလမ်းကြောင်းကို သတ်မှတ်ပေးသည့် ရေပြင်ညို’ ) အထိ လမ်းမျှော်ကာ အာကာသစူးစမ်းလေ့လာမှုများနှင့် သုတေသနများကို လုပ်ဆောင်လာကြသည်။

ယင်းဖြစ်စဉ်များက လကမ္ဘာနှင့် ပတ်သက်၍ များစွာ စိတ်ဝင်စားလာကြသည်။ နိုင်ငံရေးဂုဏ်သိက္ခာကြောင့် ၂၀ ရာစုက လပေါ်သို့ ခြေချခြင်းများနှင့် မတူဘဲ ယခုအခါတွင် အာကာသအစီအစဉ်ကို စိတ်ဝင်စားလာသည့် နိုင်ငံများက လပေါ်သို့ သွားရန် ကြိုးပမ်းလာကြသည်။ ၎င်းတို့၏ စိတ်ဝင်စားမှုသည် ကမ္ဘာနှင့် လအနီးဝန်ကျင်ရှိ ကမ္ဘာပတ်လမ်းကြောင်းများအကြားနေရာ cislunar ဖြစ်လာသည်။

လွန်ခဲ့သော နှစ်များအတွင်း တရုတ်ကဲ့သို့ မည်သည့် နိုင်ငံကမှ cislunar နေရာတွင် အင်တိုက်အားတိုက် ဆောင်ရွက်လာခြင်း မရှိပေ။ တရုတ် လနတ်သမီး Chang’e ၏ အမည်ကို မှည့်ခေါ်ထားသည့် တရုတ်အစိုးရ၏ လသို့ သွားရောက်သည့် ခရီးစဉ်ကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။ ယင်းနောက်ပိုင်း လပတ်လမ်းကြောင်းအတွင်းသို့ တရုတ်က Chang’e 1 eနှင့် Chang’e 2 တို့ကို စေလွှတ်ခဲ့သည်။ ထို့နောက် လသို့ ဆင်းသက်သည့် ယာဉ်များဖြစ်သော Chang’e 3 နှင့် Chang’e 4 တို့ကို ထပ်မံလွှတ်တင်ခဲ့သည်။ Chang’e 4 ၏ ထူးခြားချက်မှာ ကမ္ဘာမှ မမြင်နိုင်သည့် လ၏ တစ်ဖက်အစွန်းသို့ သက်ဆင်ခဲ့ခြင်းဖြစ်သည်။ Chang’e 5 ကို ယမန်နှစ်က လွှတ်တင်ခဲ့ရာတွင် လပေါ်မှ ပစ္စည်းများကိ ကမ္ဘာမြေပေါ်သို့ ပြန်လည်ယူဆောင်နိုင်ခဲ့သည်။ လပေါ်မှ ကျောက်တုံးအား ကမ္ဘာပေါ်သို့ ယူဆောင်လာခဲ့သည့် နောက်ဆုံးခရီစဉ်သည် ၁၉၇၆ ခုနှစ်က Soviet Luna 24 ဖြစ်သည်။

လနှင့် သက်ဆိုင်၍ ပိုမိုလုပ်ဆောင်လာခြင်း၏ သက်ရောက်မှုတစ်ခုသည် လက်ရှိနိုင်ငံတကာ ဥပဒေစနစ်တွင် ဖိအားဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းဥပဒေသည် ၁၉၆၇ ခုနှစ် အာကာသဆိုင်ရာ သဘောတူစာချုပ် (OST) ကို အခြေခံရေးဆွဲထားခြင်း ဖြစ်သည်။ OST ၏ သတ်မှတ်ချက်တွင် လနှင့်အခြား အာကာသနေရာအပါအဝင် ကမ္ဘာမြေပြင်ပနေရာ၌ နယ်မြေပိုင်နက်အဖြစ် သတ်မှတ်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် နေရာယူခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် နိုင်ငံပိုင် မပြုလုပ်ရခြင်းတို့ ပါဝင်သည်။ ကမ္ဘာအပြင်ဖက်နေရာသည် လူသားအားလုံး၏ နယ်မြေဖြစ်သလို အသုံးပြုခြင်းသည် နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက် ဖြစ်စေရမည်ဟုလည်း စာချုပ်တွင် ဖော်ပြထားသည်။

သို့သော် အာကာသနည်းပညာခေတ်မီလာခြင်းနှင့် အင်အားကြီးနိုင်ငံများက ရင်းမြစ်ဆိုင်ရာ ရင်းနှီးမြှု်ပနှံမှုများကို တိုးချဲ့ လုပ်ဆောင်လာခြင်းကြောင့် အခြေအနေပြောင်းလဲလာသည်။

OST တွင် ပါဝင်သည့် အချက်အလက် အများအပြားသည် ယှဉ်ပြိုင်သည့် အကြောင်းကိစ္စရပ်များဖြစ်လာသည်။ စစ်အေးခေတ်နောက်ပိုင်း အဓိကအင်အားကြီးနိုင်ငံများအကြား ညီညွတ်မှု ပြိုကွဲလာခြင်းသည် လပေါ်တွင် မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်လာကာ လပေါ်တွင် ပထဝီနိုင်ငံရေးအရ ကာလရှည် ယှဉ်ပြိုင်မှုတစ်ခုအဖြစ်သို့ ရောက်ရှိလာသည်။

ယင်းအခြေအနကြောင့် အမေရိကန်သည်လနှင့် ပတ်သက်၍ OST စနစ်ကို ထိန်းသိမ်းရန်နှင့် ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက် မျှဝေခြင်း၊ အရေးပေါ် အကူအညီနှင့် ငြိမ်းချမ်းသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်စေရန် Artemis Accords သဘောတူညီချက်ကို မြှင့်တင်နေခြင်း ဖြစ်သည်။ သို့သော် ရုရှားနှင့် တရုတ်တို့က အမေရိကန်နှင့် လက်တွဲလုပ်ဆောင်ရမည်ကို လိုလားမှုမရှိသောကြောင့် အာကာသအစီအစဉ်နှင့် သက်ဆိုင်နေသည့် အိန္ဒိယကဲ့သို့ နိုင်ငံများအတွက် ရွေးချယ်ရမည့် အခြေအနေသို့ ရောက်ရှိလာသည်။

အိန္ဒိယအစိုးရအနေဖြင့် လကမ္ဘာနှင့် သက်ဆိုင်သည့် အကျိုးအမြတ်အပေါ် အပြည့်အစုံ ပြန်လည်သုံးသပ်မှု စတင်ရန်နှင့် လမျက်နှာပြင်သို့ သွားသည့်ခရီးစဉ်နှင့် ပတ်သက်၍ ပိုမိုအားကောင်းစေရန်၊ အယူအဆတူသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်နိုင်သည့် မဟာဗျူဟာများ ချမှတ်ရန် Artemis Accords သည် တွန်းအားပေးလာ နိုင်ဖွယ်ရှိသည်။ အိန္ဒိယ၏ အာကာသလုပ်ငန်းစဉ်ကို မြှင့်တင်ရန်နှင့် နိုင်ငံတကာဆိုင်ရဦ အကျိုးစီးပွားကို ကာကွယ်ရန်အားကောင်းသော စည်းကမ်းကြပ်မတ်ခြင်းဆိုင်ရာ မူဘောင်တစ်ခုကို အစိုးရက ရေးဆွဲ ပြဌာန်းရမည်။ လက်ရှိ အာကာသအစီအစဉ်များအတွက် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို အိန္ဒိယအစိုးရက ဂရုတစိုက် စောင့်ကြည့်ရမည်။ ကမ္ဘာ့အပြင်ဘက် အာကာသ၏ သဘောသဘာဝနှင့်

ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ ယခင်က ယူဆချက်အချို့ကို ပြန်လည် သုံးသပ်ရမည်။ OST စနစ်၏ အနှစ်သာရ ပိုမိုအားကောင်းလာစေရန် ကမ္ဘာ့စံနှုန်းအသစ်များ ပြုစုရာတွင် ပါဝင်ဆောင်ရွက်ရမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly