အီးယူက စားနပ်ရိက္ခာ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကန်ဒေါ်လာ ရ၆သန်းကျော် ထောက်ပံ့မည်

အီးယူက စားနပ်ရိက္ခာ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကန်ဒေါ်လာ ရ၆သန်းကျော် ထောက်ပံ့မည်
ကချင် - တရုတ် နယ်စပ် မှတ်တိုင် အမှတ် ( ၆ ) အနီးက ( DaBu Bum ) ကချင် စစ်ပြေး ဒုက္ခသည် စခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ- Sumla - Saga Brang San Nan)

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ၊ အာဟာရ ဘေးကင်းလုံခြုံရေး မြှင့်တင်ရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့အတွက် ယူရိုငွေ သန်း ၇၀ (အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၀၉ သန်း) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်က အီးယူက ထုတ်ပြန်သည်။

ထောက်ပံ့ခြင်းအစီအစဉ်အရ အီးယူအနေဖြင့် Myanmar Sustainable Aquaculture Program (MYSAP) စီမံကိန်းမှတစ်ဆင့် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် အစားအစာနှင့် အာဟာရ ဘေးကင်းလုံခြုံရေးတို့ကို မျှဝေပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုတွင် ရဲဌာနအား ခေတ်မီသည့် ရဲဌာနအဖြစ်သို့ ပြုပြင်ပြောင်းလဲရေးအား ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း ကြိုးစားအားထုတ်မှုများအပေါ် ကူညီပေးခြင်းများအား တိုးမြှင့်ထောက်ပံ့ပေးသွားမည်လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ပြုပြင်ပြောင်းလဲမှုများ စတင်ဖော်ဆောင်လာချိန်မှစကာ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းခြင်း၊ ရန်ပုံငွေများထောက်ပံ့ခြင်းနှင့် နောက်ထပ်ပြုပြင်ပြောင်းလဲမှုများအတွက် တွန်အားပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယားက ပြောသည်။

Myanmar Sustainable Aquaculture Program (MYSAP) သည် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စားနပ်ရိက္ခာနှင့် အာဟာဘေးကင်းလုံခြုံရေးတို့အတွက် အီးယူ၏ ယူရို သန်း ၂၀ ရန်ပုံငွေ ထည့်ဝင်ပံ့ပိုးသည့် စီမံကိန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ထပ် ယူရို သန်း ၃၀ ရန်ပုံငွေမှာ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးတို့အတွက် ခွဲဝေသတ်မှတ်ထားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ယူရို သန်း ၂၀ ကို ပံ့ပိုးပေးသွားရန် စီစဉ်သတ်မှတ်ထားသည်။

Ref: ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags