အမေရိကန်က တရုတ်နှင့် ကုန်သွယ်ရေးမူဝါဒများကို ပြန်လည်ပြင်ဆင်မည်

အမေရိကန်က တရုတ်နှင့် ကုန်သွယ်ရေးမူဝါဒများကို ပြန်လည်ပြင်ဆင်မည်

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကတ်ထရီနာတိုင်သည် အမေရိကန်-တရုတ်ကုန်သွယ်ရေး နှင့် ပတ်သက်သည့် အရေးကြီးမိန့်ခွန်းပြောရန် စီစဉ်နေပြီး ယခင်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ လက်ထက်က သဘောတူခဲ့သော ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက်ကို တရုတ်က မလိုက်နာကြောင်း အောက်တိုဘာ ၄ရက်တွင် ကြေညာလိမ့်မည်ဖြစ်သည်ဟု အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

"ယနေ့ တရုတ်နှင့် ပတ်သက်သည့် ကုန်သွယ်ရေးမူဝါဒများကို ပြန်လည်ဦးတည်ချက်ပြောင်းလဲရေးအတွက် အစိုးရအဖွဲ့၏ မဟာဗျူဟာအမြင်ကို စတင်ချပြတော့မှာဖြစ်ပြီး အမေရိကတိုက်၏ လုပ်သားများ၊ စီးပွားရေးလုပ်ငန်းများ၊ လယ်သမားများနှင့် ထုတ်လုပ်သူများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လူလတ်တန်းစားခိုင်မာစေရေး လုပ်ဆောင်မည်ဖြစ်သည်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ၌ ပြောကြားမည့် မိန့်ခွန်းကောက်နုတ်ချက်တွင် ဖော်ပြထားသည်။

စည်းမျဉ်းများ မလိုက်နာမှုအတွက် တရုတ်အပေါ် နောက်ထပ်အကောက်ခွန်များ အပါအဝင် ဘိုင်ဒင်အစိုးရ၏ ပြင်းထန်သည့် ဖိအားများကို အဆိုပါ ကြေညာချက်တွင် ဖော်ပြနိုင်ပြီး မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာတွင် ပြောကြားမည့် မိန့်ခွန်းသည် ဘိုင်ဒင်-ဟာရစ်အစိုးရအဖွဲ့၏ တရုတ်-အမေရိကန် ကုန်သွယ်ရေးဆက်ဆံမှုနှင့် ပတ်သက်ပြီး ချည်းကပ်မှုအသစ်ကို အကြမ်းဖျဉ်းဖော်ပြချက်ဖြစ်နိုင်သည်။

တရုတ်ကို စွပ်စွဲထားသည့် လုပ်ဆောင်မှုများသည် အမေရိကန် အလုပ်သမားများနှင့် စက်မှုလုပ်ငန်းများကို ထိခိုက်စေပုံနှင့် ကမ္ဘာ့ကုန်သွယ်မှုစနစ်တွင် မမျှတသည့် အားသာချက်ကို ဖြစ်ပေါ်စေခဲ့ကြောင်းကိုလည်း တိုင်က ဥပမာများဖြင့် ကိုးကားဖော်ပြနိုင်ကြောင်း အရာရှိက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

"တရုတ်က ဈေးကွက်နှင့်မဆိုင်သော မူဝါဒများကိုပြုပြင်ပြောင်းလဲရန်ပျက်ကွက်ခြင်း၊ သို့မဟုတ် လွန်ခဲ့သော ၁၅ နှစ်တာကာလအတွင်း အမေရိကန်အရာရှိများနှင့် အဆင့်မြင့်ဆွေးနွေးမှုများအတွင်း ပြုလုပ်ခဲ့သည့် ကတိကဝတ်များကို ပျက်ကွက်ခြင်း များကိုလည်း တိုင်က ထောက်ပြလိမ့်မည်ဟု အရာရှိက ထပ်လောင်း ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစံနှုန်းများသည် အမေရိကန်များ၏ ကြွယ်ဝချမ်းသာမှုကို ဆိုးရွားစွာ ထိခိုက်စေ ကြောင်း တိုင်က အလေးထားပြောပြဖွယ်ရှိနေပြီး ကာလကြာရှည်ကတည်းက တရုတ်က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစံနှုန်းများကို လိုက်နာမှုမရှိခြင်းသည် အမေရိကန်များနှင့် တစ်ကမ္ဘာလုံး၏ ချမ်းသာသုခကို လျော့ကျစေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တိုင်၏ မိန့်ခွန်းသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်နယ်ထရမ့်က နောက်ဆုံးသုံးလတွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို အခြေပြု ပြောကြားလိမ့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly