စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆည်မြောင်းဝင်းအတွင်းရှိ ရဲမှူးနေထိုင်သည့်နေအိမ်အား ဒေသခံ PDF များက ယနေ့ အောက်တိုဘာလ ၈ ရက် ညနေပိုင်းက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDFများထံက သိရသည်။
"ကျွန်တော်တို့ People’s Defence Force South Monywa နဲ့ မဟာမိတ်အဖွဲ့ Monywa Heroes Group (MHG) တို့ ပူးပေါင်းပြီး မုံရွာမြို့ဆည်မြောင်းဝင်း အတွင်းက ရဲမှူးနေထိုင်တဲ့နေရာကို ဗုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်’’ဟု South Monywa PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗုံးပစ်သွင်း တိုက်ခိုက်မှုကြောင့် ဆည်မြောင်းဝင်းအတွင်း၌ ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို မသိရှိရသေး သော်လည်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဒေသခံ PDFများက အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့တွေမှာ အခုထိ ပစ္စည်းအစစ်တွေမရှိသေးပါဘူး။ လက်လုပ်လေးတွေနဲ့ လှုပ်ရှားနေရပါတယ်။ မိုင်းဆွဲရင် တစ်ခါကုန်ကျငွေက လေးသိန်းနဲ့ ငါးသိန်းကြားရှိနေပါတယ်။ အစစ်တွေနဲ့လုပ်ရရင် ဒီ့ထက်ပို ခရီးပေါက်မှာပါ။ တောက်လျှောက်လည်း ဒီ့ထက်နှစ်ဆ တိုက်ခိုက်မှုတွေ လုပ်ဖို့ရှိပါတယ်’’ဟု People’s Defence South Monywa PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
People’s Defence Force South Monywa သည်မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး မုံရွာမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ယာဉ်တန်းများကို ဖောက်ခွဲတိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီသတင်းပေးဒလန်ရှင်းလင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။