နယူးဒေလီမြို့တွင် ဇိုမီးရိုးရာ ခွာဒိုပွဲတော် ကျင်းပ

By ပါခွီး
08 October 2021
နယူးဒေလီမြို့တွင် ဇိုမီးရိုးရာ ခွာဒိုပွဲတော် ကျင်းပ

အောက်တိုဘာ ၈

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဇိုမီးရိုးရာ ခွာဒိုပွဲတော်ကို ဇိုမီး အင်ကွမ်း (Zomi Innkuan Delhi) အဖွဲ့ မှ ယနေ့ အောက်တိုဘာ ၈ရက်တွင် New Delhiမြို့ Hastsal Uttamnagar ရပ်ကွက်ရှိ Raghubir Singh Sport Complex ၌ ကျင်းပကြသည်။

အခမ်းအနားတွင် ဦးဆောင်သူများမှ ခွာဒိုပွဲ‌တော် နေ့အကြောင်း ဟောပြောခြင်း၊ အဆိုအကများဖြင့် ဖျော်ဖြေခြင်းအပြင် လွန်ခဲ့သည့်ရက်က ကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲမှ အနိုင်ရ အားကစားသမားများအား ဆုများချီးမြှင့်ကြသည်။

ဇိုမီးဘာသာဖြင့် ခွာဒို ဟုခေါ်သည့် ကောက်သစ်စားပွဲတော်သည် ချင်းလူမျိုးများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သည်။

တောင်ယာ ရိတ်သိမ်းပြီးသည့် အချိန်တွင် တောင်ယာနီးချင်း ဆွေမျိုးများနှင့် စုပေါင်းစားသောက်ကြကာ နောင်နှစ်အတွက် သီးနှံများအောင်မြင်စေရန် ရိုးရာနတ်များကိုပူဇော်ပသကြသည့်ပွဲကို ခွာဒို ပွဲတော်ဟုခေါ်သည်။

"ကျွန်တော်တို့ ချင်းလူမျိုးတွေ ခရစ်ယာန်ဖြစ်ပြီးနောက်ပိုင်း နတ်ပူဇော်တာတွေ မလုပ်တော့ဘဲနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းကြတယ်။ တိုင်းပြည် သာယာဝပြောရေးအတွက် ဆုတောင်းကြတယ်။ ခေတ်ပြောင်းလာတာနဲ့အမျှ ကျင်းပတဲ့ပုံစံပြောင်းလာပေမယ့် အနှစ်သာရကတော့ အတူတူပဲဖြစ်ပါတယ်” ဟု ကျင်းပရေး ဦးဆောင်ကော်မီတီဝင်တစ်ဦးက ပြောသည်။

နယူးဒေလီရှိ ဇိုမီးလူမျိုးများသည် COVID -19 ကပ်ရောဂါကာလ စည်းကမ်းချက်များအရ လူစုလူဝေးမပြုလုပ်ရသည့် အချိန်မှအပ ကျန်နှစ်များတွင် နှစ်စဉ်နှစ်တိုင်း ခွာဒိုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly