မုံရွာမြို့တွင် ကွမ်းယာဆိုင်ပိုင်ရှင် ပျူစောထီး ဒလန် သေနတ်ဖြင့် ပစ်သတ်ခံရ

08 October 2021
မုံရွာမြို့တွင် ကွမ်းယာဆိုင်ပိုင်ရှင် ပျူစောထီး ဒလန် သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ ပြည်ထောင်စုလမ်း ကန်သာယာအရှေ့ဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်ပိုင်ရှင် ပျူစောထီး စစ်ကောင်စီသတင်းပေး ဖက်တီးဆိုသူအမျိုးသားသည် ယနေ့ အောက်တိုဘာလ ၈ ရက် နေ့လည်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

'' ဒီနေ့ နေ့လယ် ၁၂ နာရီကျော်မှာ မဟာမိတ်အဖြစ် လက်တွဲထားတဲ့ Monywa Heroes Group (MHG) က ဗိုလ်နာရွှဲ့ဆွမ် နဲ့ ပူးပေါင်းပြီး ကန်သာယာအရှေ့ဘက်ခြမ်းမှာ ဖွင့်ထားတဲ့ ဖက်တီးကွမ်းယာဆိုင်က ပျူစောထီး စစ်ကောင်စီသတင်းပေး ဖက်တီးဆိုတဲ့ သူကို သေနတ်အတိုနဲ့ အနီးကပ် ပစ်ခတ်ခဲ့ပါတယ်’’ ဟု South Monywa PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဖက်တီးသည်နေရာမှာပင် သေဆုံးသွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

" အခုသေနတ်နဲ့ ပစ်သတ်ခံရတဲ့သူက သပိတ်စစ်ကြောင်းတော်တော်များများကို သူက သတင်းပေးပြီး ဖမ်းခိုင်းတာတွေရှိတယ် ။ သူ့ကြောင့် အမျိုးသမီးငယ်လေးတွေလည်း အဖမ်းခံရတာတွေရှိတယ်။ စစ်တပ်နဲ့လည်း ပတ်သက်ဆက်နွယ်မှုရှိသလို စစ်သားတွေ ကွမ်းယာလာဝယ်ရင် အခမဲ့ ထုတ်ပေးနေတဲ့သူပါ’’ ဟုဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ညပိုင်းကလည်း မုံရွာမြို့ နာရီစင်အနီးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly