YMBA အသင်းဝင်တစ်ဦး ပစ်သတ်ခံရ

By သတင်းနှင့်မီဒီယာ ကွန်ရက်
08 October 2021
YMBA အသင်းဝင်တစ်ဦး ပစ်သတ်ခံရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ဗုဒ္ဓကလျာဏယုဝ အသင်း YMBA အသင်းဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

YMBA အသင်းဝင် ဦးခင်မောင်ဦးမှာ ပေါင်မြို့ မိုးနိုင်းရပ်ကွက် စွယ်တော်သုဿာန်အနီးတွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

"ဒီမနက် ၇ နာရီလောက် ရှိမယ်ထင်တယ်။ သုဿာန်ဘက်ကနေ သေနတ်သံတွေကြားရတယ်။ သေနတ်သံက ဆက်တိုက် ၈ ချက် လောက်ကြားရတယ်။ ဘာဖြစ်လဲပေါ့ လိုက်မေးကြည့်တာ နောက်တော့မှ ဦးခင်မောင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာ သိရတယ်" ဟု ပေါင်မြို့ မိုးနိုင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

သေနတ်ဒဏ်ရာ ၈ ချက်ခန့်ဖြင့် ပစ်ခတ်ခံထားရသည့် ဦးခင်မောင်ဦးသည် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် စွယ် တော်သုဿာန် မီးသဂြိုလ်စက်ရှေ့တွင် သေဆုံးနေသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

ဦးခင်မောင်ဦးသည် စွယ်တော်သုဿာန်အနီးရှိ ခြံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ် ကိုင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ဤသတ်ဖြတ်မှုနှင့် ပတ်သက်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ လုပ်ဆောင် နေသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ပစ်ခတ်ခံမှုကြောင့် သေဆုံးသူအများစုမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေး “ဒလန်” ဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးပါတီဝင်များ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly