မုံရွာနာရီစင်အနီး ပေါက်ကွဲမှု စစ်ကောင်စီဘက်က ၂ ဦးသေ

မုံရွာနာရီစင်အနီး ပေါက်ကွဲမှု စစ်ကောင်စီဘက်က ၂ ဦးသေ

အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ မုံရွာနာရီစင်အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိခဲ့သည်ဟု People's Defence Force - South Monywa ထံမှ သိရသည်။

"မုံရွာ နာရီစင်အနီးမှာ မနေ့ညက ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ပွိုင့်ကားလာနေတယ်ဆိုတာကို ည ၇ နာရီ ၃၅ မိနစ်လောက်ကတည်းက ကြိုသိနေတာဆိုတော့ ကြိုထောင်ထားလိုက်တယ် နာရီစင်ရှေ့အရောက် ၇ နာရီ ၃၈ မိနစ် မှာ ခွဲလိုက်တယ် ကားကတော့ မီးခိုးတွေအူတက်လာတယ် စစ်ကောင်စီဘက်က နှစ်ယောက်သေတယ် ” ဟု People's Defence Force - South Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပွိုင့်ကားပေါ်တွင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု သိရပြီး South Monywa PDF ဘက်က အထိအခိုက်မရှိပဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

‘ဒီနေ့ နေလည်ပိုင်းအထိတော့ မနေ့က ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နာရီစင်ရှေ့မှာ လုံခြုံရေးတင်းကျပ်တာတော့ မရှိပါဘူး အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတော့ ရှိပါတယ် ဆက်လက်ပြီး ကျွန်တော်တို့ South Monywa PDF အနေနဲ့ စစ်ကောင်စီကို အမြစ်ပြတ်တဲ့ အထိ တိုက်ခိုက်ချေမှုန်းသွားပါမယ်လို့ ပြည်သူတွေကို ကတိသစ္စာပြုပါတယ်’’ ဟု South Monywa PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း မုံရွာမြို့ရှိ ရပ်ကွက်များထဲတွင် ဂျိုင်းထောက်ဖြင့်လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦးကို People's Defence Force - South Monywa နဲ့ မြေပြင်အဖွဲ့များက ပူးပေါင်းရှင်းလင်းခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly