အဆိုတော် Benjamin Sum ၏ ပရိသတ်များက အိန္ဒိယနိုင်ငံရှိ မြန်မာစစ်ရှောင်များအတွက် အသုံးအဆောင်များနှင့်ငွေကြေး ပေးအပ်လှူဒါန်း

အဆိုတော် Benjamin Sum ၏ ပရိသတ်များက အိန္ဒိယနိုင်ငံရှိ မြန်မာစစ်ရှောင်များအတွက် အသုံးအဆောင်များနှင့်ငွေကြေး ပေးအပ်လှူဒါန်း

အောက်တိုဘာ ၈

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား အသုံးအဆောင်များနှင့်ငွေကြေးကို အဆိုတော် Benjamin Sum ၏ ပရိသတ်များက ယမန်နေ့ အောက်တိုဘာလ ၇ရက်က လှူဒါန်းခဲ့ကြသည်။

ဘင်ဂျမင်စွန်း( Benjamin Sum)၏ ပရိသတ်များများ စုပေါင်းကာ Myanmar Refugee Relief Committee Mizoram မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာစစ်ဘေးရှောင်များအား လှူဒါန်းခြင်းဖြစ်သည်။

အဝတ်အထည် ၁၂၂ အိတ် ၊ နှာခေါင်းစည်း (Mask) နှစ်ထောင်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း နှစ်ဖာ၊ နှင့် ၁၂၀၀၀ရူပီး (မြန်မာငွေ ၃သိန်းကျော်) လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော် တို့ Myanmar Refugee Relief Committee Mizoram အနေနဲ့ မြန်မာပြည် က စစ်ဘေးရှောင်လာတဲ့ သူတွေကို တတ်နိုင်သလောက်အကူအညီများ ပေးနေပါတယ်။ လှူဒါန်းလာတဲ့ ငွေနဲ့ ပစ္စည်းတွေကို အလိုအပ်ဆုံး အခက်အခဲဆုံးတွေဆီကို ရောက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အလုပ်အကိုင်နဲ့ နေစရာအိမ်တွေလည်း ရှာဖွေပေးပါတယ်။ စစ်ဘေးရှောင်တွေက တစ်နေ့တခြားများလာ နေတော့ အကုန်မကူညီနိုင်‌သေးဘူး။ ဘဏ္ဍာရေးမှာအခက်အခဲရှိပါတယ်။ ဒါကြောင့် အလှူရှင်များ အနေနဲ့ ကျွန်တော်တို့အဖွဲ့ကနေ တစ်ဆင့် လှူဒါန်းနိုင် ကြောင်းအသိပေးချင်ပါတယ်” ဟု Myanmar Refugee Relief Committee Mizoram၏ အတွင်းရေးမှူး အက်စ်ဟူလျန်က ပြောသည်။

Myanmar Refugee Relief Committee Mizoram သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇော (Aizawl)မြို့တွင် အခြေစိုက်ပြီး လုံးလေ(lunglei) မြို့ နှင့် ကျန်ဖိုင်းမြို့(champhai) တို့တွင် အဖွဲ့ခွဲများတည်ထောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly