အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံရန် ယူအေအီး ကုမ္ပဏီများ ဆန္ဒရှိ

အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံရန် ယူအေအီး ကုမ္ပဏီများ ဆန္ဒရှိ

အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ “လက်တွေ့ကျသည့် ချဥ်းကပ်မှု” ကို အလွန် ကျေနပ်အားရမိကြောင်း အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး ပီယွတ်ရှ် ဂိုယဲလ်က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။ ယူအေအီးမှ ကုန်ပစ္စည်းသိုလှောင်လွှဲပြောင်း သယ်ယူပို့‌ဆောင်ရေး ဝန်ဆောင်မှု (logistics) ကုမ္ပဏီများသည် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက် ရှိကြောင်း ၎င်းက ပြောသည်။

အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီးက ဒူဘိုင်း၌ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် ယူအေအီး အာဏာပိုင်များသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဆုံးဖြတ်ချက် ချမှတ်မှု အရည်အချင်းများအပေါ် ယုံကြည်စိတ်ချမှု ရှိနေကြောင်း ပြောခဲ့သည်။

“ယူအေအီး အာဏာပိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်တွေ့ကျတဲ့ ချဥ်းကပ်လုပ်ဆောင်မှုကို အင်မတန် အားရကျေနပ်မိသလို ကျွန်တော် ခံစားရပါတယ်၊ ကုန်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီတွေကလည်း အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံချင်နေကြပါတယ်၊ ယူအေအီး အာဏာပိုင်တွေကလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းအပေါ် ယုံကြည်စိတ်ချမှု ရှိနေပါတယ်” ဟု ဂိုယဲလ်က ပြောခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်နိုင်ဖို့အတွက် အိန္ဒိယရဲ့ အမျိုးသား ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ရန်ပုံငွေအဖွဲ့ နဲ့ ယူအေအီးအကြား ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ ကျွန်တော်တို့ သဘောတူထားပါတယ်၊ ကဏ္ဍအားလုံးမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်မှာနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်၊ ထုတ်လုပ်မှုအသစ်တွေလုပ်ဖို့ ရှိရင်းစွဲ အဆောက်အအုံနေရာတွေကို ဝယ်ယူ၊ ငှားရမ်းလုပ်ကိုင်တဲ့ ပရောဂျက်တွေနဲ့ပတ်သက်လို့လည်း စိတ်ဝင်စားမှု အများအပြား ရှိနေပါတယ်၊ ဒါက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ သူတို့ ထုတ်ဖော်ခဲ့တဲ့ အင်မတန် လက်တွေ့ကျတဲ့ ချဥ်းကပ်လုပ်ကိုင်မှုတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယူအေအီးနှင့် အိန္ဒိယသည် အောက်တိုဘာ ၂ ရက် အစောပိုင်းက ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အဆင့်မြင့်လယ်ဗယ် ပူးပေါင်း အထူးအဖွဲ့၏ ကိုးကြိမ်မြောက် အစည်းအဝေးကိုလည်း ပြုလုပ်ခဲ့သည်။

ထို အစည်းအဝေးကို ပီယွတ်ရှ် ဂိုယဲလ် နှင့် အဘူဒါဘီ အမှုဆောင်ကောင်စီဝင် ရှိတ် ဟာမက်ဒ် ဘင် ဇေယက်ဒ် အယ်လ် နာယန်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ နှစ်နိုင်ငံသည် ပြည့်စုံကျယ်ပြန့်သော စီးပွားရေး မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဆီ တက်လှမ်းသွားနေမှုနှင့်ပတ်သက်ပြီး သုံးသပ်လေ့လာခဲ့သလို အိန္ဒိယရှိ အဓိက ဦးစားပေးလုပ်ငန်းကဏ္ဍများ၌ ယူအေအီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထံမှ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ခြင်းကို လွယ်ကူအဆင်ပြေစေနိုင်ရန် အပြန်အလှန် အကျိုးရှိနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနှင့် ယူအေအီးအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းသစ်များ ရှာဖွေထုတ်ဖော်ရန်နှင့် အချိန်ကြာသည်နှင့်အမျှ ပေါ်ထွက်လာနိုင်သည့် လုပ်ငန်းတစ်ဆို့စေသည့် ကိစ္စရပ်များကို ဖယ်ရှားရှင်းလင်းရန်အတွက် စဥ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမည့် ဘုံပလက်ဖောင်းအဖြစ် ဆောင်ရွက်မည့် ပူးတွဲ အထူးအဖွဲ့တစ်ခု ထူထောင်ရန်လည်း နှစ်ဘက်စလုံးက ဆုံးဖြတ်ခဲ့သည်ဟု ပီယွတ်ရှ် ဂိုယဲလ် က ပြောသွားခဲ့သည်။

“အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံဖို့ ယူအေအီးဘက်မှာ စိတ်အားထက်သန်မှုတွေ ရှိနေတဲ့အပေါ် ကျွန်တော် အင်မတန် ဝမ်းမြောက်မိပါတယ်၊ ကားလမ်း၊ မီးရထားလမ်း နဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ပတ်သက်လို့လည်း အခွင့်အလမ်း အများအပြား ပေးဖို့ သူတို့က ကျွန်တော်တို့က တောင်းဆိုခဲ့ပါတယ်၊ အိန္ဒိယမှာ ကုန်ပစ္စည်း သိုလှောင်လွှဲပြောင်း သယ်ယူပို့‌ဆောင်ရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေ လျော့ကျစေအောင် ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး သူတို့ ကမ်းလှမ်းထားပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly