နယူးဒေလီရောက် မြန်မာဒုက္ခသည်များအား UNHCR ရိက္ခာဝေ

By ပါခွီး
07 October 2021
နယူးဒေလီရောက် မြန်မာဒုက္ခသည်များအား UNHCR ရိက္ခာဝေ

အောက်တိုဘာ ၇

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော ဒုက္ခသည်များအတွက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရိက္ခာခြောက်များကို အောက်တိုဘာလ ၆ရက်တွင် ဝေငှပေးကြောင်း သိရသည်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR) ရုံး၏ မိတ်ဖက် အဖွဲ့အစည်းဖြစ်သော ဘော်စကို BOSCO ရုံးမှတစ်ဆင့် ဝေငှပေးခြင်းဖြစ်သည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူများသာမက အသစ်‌ေလျှာက်ထားပြီး ဒုက္ခသည် ယာယီလက်မှတ်ကိုင်ဆောင်ထားသူများကိုပါ တန်းတူညီမျှ ပေးဝေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် COVID -19ရောဂါ ကူးစက်နှုန်းမြင့်မားလာသည့် ယမန်နှစ်ကစ၍ ယခုကဲ့သို့ ရိက္ခာခြောက်များကို သုံးလတစ်ကြိမ်ခန့်ဝေပေးနေခြင်းဖြစ်သည်။

ရိက္ခာခြောက်ထဲတွင် ဆန် ၊ ဆီ ၊ ဆား ၊ ပဲ ၊ နို့မှုန့် ၊ ဆပ်ပြာ တို့ပါဝင်သည်။ ဒုက္ခသည်လက်မှတ်ပေါ်အခြေခံပြီး တန်းတူညီမျှ ပေးဝေသည့်အတွက် မိသားစုဝင်များသူများမှာ လောက်ငှမှုမရှိကြောင်းသိရသည်။

မြန်မာဒုက္ခသည် အများဆုံးနေထိုင်လျက်ရှိသည့် ဗစ်ကပ်စ်ပူရီ (Vikaspuri) ၊ ဟာစတဲ အူသမ်နဂါး (Hastal Uttam Nagar) နှင့် ဂျနတ်ပူရီ (Janakpuri) ရပ်ကွက်များကို အလှည့်ကျပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာပြည်သား ဒုက္ခသည် လေးထောင်ကျော်နေထိုင်လျက်ရှိသည်ဟု ဒုက္ခသည် အဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly