စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ဖွဲ့ မဟာမိတ်ဖွဲ့

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ဖွဲ့ မဟာမိတ်ဖွဲ့

အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) People's Defense Force (Kani)၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်(Pale PDF-Headquarters) နှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် People Revolution Army (PRA) တို့ သုံးဖွဲ့သည် မဟာမိတ်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ အောက်တိုဘာ ၆ ရက်တွင် Pale PDF-Headquarters က ထုတ်ပြန်ထားသည်။

"အဓိကကတော့ စုပေါင်းဦးဆောင်မှု ပုလဲနယ်ကိုယ်စားပြုပြီး အခုPage ကိုထောင်လိုက်တာ။ အခုဒီPage ကနေ ပြည်သူတွေကို သတင်းမှန်တင်ပြမယ် ။ ဖြစ်ပျက်မှုကိစ္စတွေ အခြားကိစ္စတွေရောပေါ့ တင်ပြချင်လို့ပါ" ဟု Pale PDF - Headquarters တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းမှာ နယ်မြေတစ်ခုနှင့် တစ်ခု ပြည်သူ့ကာကွယ်ရေးတပ်များအချင်းချင်း အခက်အခဲအချို့ ကူညီနိုင်ရန်နှင့် ကွန်ရက်ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"အဓိက ကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကွန်ရက်တွေချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ရင်တော်လှန်ရေးအတွက်ပိုပြီးတော့ အကျိုးရှိနိုင်တယ်လို့သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်နယ်နဲ့တစ်နယ်ကို ကူးလူးဆက်ဆံတာတွေ ဘယ်လောက်ပဲပိတ်ထားပိတ်ထား တခြားကျတော်တို့လုပ်ရမယ့် ကဏ္ဍတွေမှာ မဟာမိတ်ဖွဲ့ထားတော့ လုပ်ဆောင်ရတာပိုပြီး မြန်ဆန်တယ်ပေါ့" ဟု Pale PDF - Headquarters တာဝန်ရှိသူကပြောသည်။

ယင်းအပြင် အခြား ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့များနှင့်လည်း မဟာမိတ်များဖွဲ့စည်းရန် အစီအစဉ်ရှိသော်လည်း လက်ရှိအချိန်တွင် အင်တာနက်လိုင်းပြတ်တောက်နေသည့် အခက်အခဲကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required