မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် သေဆုံးသူဦးရေ ၄၅ ဦးအထိရှိလာ

မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် သေဆုံးသူဦးရေ ၄၅ ဦးအထိရှိလာ

မနီလာ၊ ဒီဇင်ဘာ ၂၁ ။              ။ မုန်တိုင်းနှစ်ခု၏ဘေးဒဏ်ကို ရင်ဆိုင်လိုက်ရသည့် ဖိလစ်ပိုင်နိုင်ငံတွင် မြို့ပြအချို့၌ ရေကြီးမှုများ ဖြစ်ပွားနေဆဲဖြစ်ကာ မြောက်ပိုင်းဒေသများတွင် မိုးများဆက်လက်ရွာ သွန်းနေခြင်းကြောင့် သေဆုံးသူဦးရေ ၄၅ ဦးအထိ မြင့်တက်လာကြောင်း သဘာဝဘေးစောင့်ကြည့်ရေးတာဝန်ရှိသူများက ပြောသည်။
 
ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုင်ဖုန်းမုန်တိုင်း မေလာနှင့် လေဖိအားနည်းရပ်ဝန်း အွန်ယော့တို့ ဆင့်ပြီး ဝင်ရောက်ခဲ့သည့် ဖိလစ်ပိုင်တွင် မိုးများဆက်လက်ကာ ရွာသွန်းနေခြင်းဖြစ်သည်။
 
ထိုသို့ မိုးများ သည်းထန်စွာဆက်လက်ရွာသွန်းနေခြင်းကြောင့် မြို့တော် မနီလာ မြောက်ပိုင်း မြစ်ကမ်းဒေသတစ်ချို့က ရေကြီးမှုသည် သုံးမီတာ(ကိုးပေ) နီးပါးအထိရောက်ရှိနေကြောင်း မြို့ပြကာကွယ်ရေး တာဝန်ရှိသူများက ပြောသည်။
 
“ကျွန်မတို့ အိမ်တွေ ခါးလယ်ကျော်အထိ ရေမြုပ်နေရပါပြီ။ ရေကြီးနစ်မြုပ်နေတာက နှစ်ရက်ကြာပြီဖြစ်ပါတယ်။”ဟု မြို့တော် မြောက်ဖက် မိုင် ၃၀ အကွာရှိ စက်မှုမြို့ ကယ်လမ်ပစ်မှ ဒေသခံ တစ်ဦးက ပြောခဲ့သည်။
 
ယင်းဒေသခံအမျိုးသမီးက သူ့မိသားစုနှင့် လူအချို့မှာ အနီးနားက ကုန်းမြင့်ပေါ်သို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ပြောသည်။ “ကျွန်မ ယောက်ကျားမှာ လိုအပ်တာရှိလာပြီဆိုရင် အိမ်ကို ရေထဲကနေ ဖြတ်ဖြတ်ပြီး သွားနေရတယ်။ ကျွန်မတို့ ရေသောက်ချင်တယ်ဆိုရင်လည်း အိမ်က ရေဘုံဘိုင်ခေါင်းဆီ သွားရပြန်တယ်။”ဟု ယောက်ကျားဖြစ်သူ ရေနှင့် မျောသွားမည်ကို စိုးရိမ်ကြောင်း ဖော်ပြလျက် အေအက်ဖ်ပီသတင်းဌာနသို့ ၎င်းက ပြောခဲ့သည်။
 
အစိုးရ၏ ကယ်ဆယ်ရေးစခန်းများတွင် ဒေသခံလူပေါင်း ၅၄၀၀၀ ကျော် တိုးဝှေ့နေထိုင်နေရကြောင်း ၎င်းကပြောပြီး ကက်သလစ်ဘာသာဝင်အများစုနိုင်ငံတွင် အကြီးကျယ်ဆုံး အားလပ်ရက်ပွဲတော်ဖြစ်သည့် ခရစ္စမတ်အမီ အိမ်ပြန်နိုင်ရန် အာမခံမရှိတော့ကြောင်းလည်း ထပ်လောင်းပြောခဲ့သည်။
 
ဒီဇင်ဘာ ၁၄ ရက်က တိုင်ဖုန်းမုန်တိုင်း မယ်လာ လူဇွန်ပြည်နယ်သို့ ဝင်ရောက်ခဲ့ကာ ကျွန်းစုတစ်လျှောက်ဖြတ်လျက် အနောက်သို့ ရွေ့လျားတိုက်ခတ်သွားခဲ့သည်။ အဆိုပါ မယ်လာမုန်တိုင်း တောင်တရုတ် ပင်လယ်အတွင်း ရွေ့လျားသွားပြီးနောက် ဒေသအခေါ် အွန်ယော့ လေဖိအားနည်းရပ်ဝန်းက တောင်ပိုင်းကျွန်း မန်ဒါနာအိုသို့ ဝင်ရောက်ခဲ့ရာ သည်းထန်စွာ မိုးများ ဆက်လက်ရွာသွန်းနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly