မြန်မာ စစ်ကောင်စီထံ ငွေကြေးစီးဆင်းစေသည့် လုပ်ငန်းများ ရပ်တန့်ပေးရန် ဂျပန်ဝန်ကြီးချုပ်အသစ်ထံ ဂျပန်နိုင်ငံသားများက ဆန္ဒထုတ်ဖော်

မြန်မာ စစ်ကောင်စီထံ ငွေကြေးစီးဆင်းစေသည့် လုပ်ငန်းများ ရပ်တန့်ပေးရန် ဂျပန်ဝန်ကြီးချုပ်အသစ်ထံ ဂျပန်နိုင်ငံသားများက ဆန္ဒထုတ်ဖော်

အောက်တိုဘာ ၅

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် ခီရှိဒါ ဖုမိအို အနေဖြင့် မြန်မာနိုင်ငံက စစ်‌ကောင်စီတပ်ထံ စီးဆင်းနေသော သွေးစွန်းနေသည့် ငွေကြေးများ ရပ်တန့်‌ပေးရန် မြန်မာ့အရေးနှင့် ပတ်သက်ပြီးတတ်ကြွလှုပ်ရှားကြသည့် ဂျပန်အဖွဲ့အစည်းများကအောက်တိုဘာလ ၅ ရက် မြန်မာစံတော်ချိန် ညပိုင်းက ဆန္ဒထုတ်ဖော်ကြသည်။

တိုကျိုမြို့ရှိ ဝန်ကြီးချုပ်သစ် ခီရှိဒါ ဖုမိအို၏ အိမ်တော်ရုံးအရှေ့တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး တတ်ကြွလှုပ်ရှားကြသည့် မဲခေါင်စောင့်ကြည့်ရေး၊ ဗုဒ္ဓဘာသာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက် ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေသဘာဝပတ်ဝန်းကျင် (NGO FoE Japan ) ၊ စစ်လက်နက်ကုန်သွယ်ရေး ဆန့်ကျင်သော ကွန်ရက် (NAJAT) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းစင်တာ ( JVC) ၊ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ( FWUBC) တို့ ပူးပေါင်း ပါဝင်သည့် အင်အား ၈၀ ဝန်းကျင်ခန့်က ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

“ဂျပန်လူမျိုးတွေက ဦးဆောင်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝန်ကြီးချုပ်အသစ်အနေနဲ့ လက်မခံဖို့ တောင်းဆိုတာပါ။ ဂျပန်လူမျိုးတွေ တောင်းဆိုပေးတာက ကျွန်‌ေတာ်တို့ တောင်းဆိုတာထက် ပိုထိရောက်ပါတယ် ။ ဂျပန်လူမျိုး ၇၀ လောက်ရှိပါတယ်။ ဒီဘက်က ၁၀ယောက် ဝန်းကျင်ခန့်ပါ “ ဟု ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

အိမ်တော်ရှေ့တွင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေသည့် သွေးစွန်းနေသည့်ငွေကြွေးများရပ်တန့်ရန်၊ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေသည့် ODAများ ရပ်တန့်ရန် ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြပ်နှံမှုအသစ်များ မလုပ်ကိုင်ရန်နှင့် ဂျပန်အစိုးရအနေနှင့်အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံးတရားဝင် အသိမှတ်ပြုပေး‌ရေး တို့ကို ဆန္ဒပြသူများက ကြွေးကြော် တောင်းဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required