အင်တာနက်ထိန်းချုပ်မှုတိုးမြှင့်ထားသည့် ဟောင်ကောင်တွင် အွန်လိုင်း တီယင်နန်မင်ပြတိုက်ကို ပိတ်ပင်ထား

By The Washington Post
05 October 2021
အင်တာနက်ထိန်းချုပ်မှုတိုးမြှင့်ထားသည့် ဟောင်ကောင်တွင် အွန်လိုင်း တီယင်နန်မင်ပြတိုက်ကို ပိတ်ပင်ထား

တီယင်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအထိမ်းအမှတ်အဖြစ် ထူထောင်ထားသော အွန်လိုင်းပြတိုက်တစ်ခုသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ဟောင်ကောင်၌ ပိတ်ပင်ထားပြီး အင်တာနက် လွတ်လပ်ခွင့်ကျဆင်းမှုနှင့် ဟောင်ကောင်အား တရုတ်ပြည်မကြီးနှင့် ခွဲခြားသိမြင်သည့် သင်္ကေတအပေါ် ထိုးနှက် တိုက်ခိုက်မှုပင်ဖြစ်သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်တခြားဖော်ပြချက်များကို သမိုင်းမှတ်တမ်းတင်ထားသည့် 8964museum.com ဝက်ဘ်ဆိုက်ကို စက်တင်ဘာ၃၀ရက်က VPN အသုံးမပြုလျှင် ဟောင်ကောင်တွင်ဝင်မရတော့သော်လည်း ကမ္ဘာ့တခြားနေရာများမှ ဝင်ရောက်ကြည့်ရှုနိုင်သည်။

ပြတိုက်နေရာကိုလည်း ယခုနှစ်အစောပိုင်းက ပိတ်ထားခဲ့ပြီး လွန်ခဲ့သောသီတင်းပတ်အနည်းငယ်က ရဲများက ဝင်ရောက်စီးနင်းခဲ့သည်။ ပေကျင်း၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူရာပေါင်းများစွာကို သတ်ဖြတ်မှုဖြစ်ခဲ့သည့် ၁၉၈၉ ခုနှစ် ဇွန် ၄ ရက်အား တရားဝင်သတိရအောက်မေ့မှုကို မြင်သာစေရန် ဟောင်ကောင်က လုပ်ဆောင်စဉ်မှာ တရုတ်အစိုးရက အထိအခိုက်မခံဟုယူဆထားသည့် ရုပ်ဝတ္ထုပစ္စည်းများအပေါ် ထိန်းချုပ်မှုတင်းကျပ်ခြင်းပေါ်ပေါက်လာခြင်းဖြစ်သည်။

အစိုးရဝေဖန်သူများ၊ တက်ကြွလှုပ်ရှားသူများနှင် အရပ်ဘက်အဖွဲ့အစည်းများကို ထိန်းသိမ်းရန်နှင့် နှုတ်ဆိတ်သွားစေရန် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေးဥပဒေကို အသုံးပြုလျက် တီယင်နန်မင်မှတ်တမ်းများကို မေ့ပျောက်စေခြင်းသည် တရုတ်၏ ဟောင်ကောင်ကို ပြန်လည်ပုံဖော်မှုအတွင်း အံဝင်ခွင်ကျဖြစ်စေသည်။

ဟောင်ကောင်ဆက်သွယ်ရေးကုမ္ပဏီ PCCW ၊ တခြားအင်တာနက်ဝန်ဆောင်မှုပေးသူများဖြစ်သည့် Kong Broadband Network နှင့် 3HK တို့သည် ဝက်ဘ်ဆိုက်ဝင်ရောက်မရခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိခဲ့ကြပေ။

8964museum.com မှ အော်ပရေတာများက အဆိုပါဝက်ဘ်ဆိုက်ကို ဟောင်ကောင်၌ ပိတ်ပင်ခံထားရသည်ကို အတည်ပြုခဲ့ပြီး သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်မှုအဖြစ် ပြောဆိုခဲ့သည်။ “သမိုင်းဝင်မှတ်တမ်းကို ပယ်ဖျက်ဖို့လုပ်တာဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းတို့ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အွန်လိုင်းပြတိုက်ကိုလွတ်လပ်သောအဖွဲ့တစ်ဖွဲ့မှစီမံနေသော်လည်း ဟောင်ကောင်မဟာမိတ်အဖွဲ့၏ ၂၀၂၀ခုနှစ် ရန်ပုံငွေအလှူခံပွဲမှ ငွေကြေးများရရှိခဲ့သည်။

၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြိုခွင်းမှုသည် တရုတ်ပြည်မကြီးတွင် ထိရှလွယ်သော အကြောင်းအရာတစ်ခုဖြစ်ပြီး တရားဝင်ဖတ်စာအုပ်များတွင် ချန်လှပ်ထားခဲ့ကာ အွန်လိုင်းစာမျက်နှာတွင် အကြီးအကျယ် ဆင်ဆာဖြတ်ခဲ့သည်။ နှစ်ပတ်လည်နေ့ ရောက်ခါနီးတိုင်း တက်ကြွလှုပ်ရှားသူများ ထိန်းသိမ်းခံရလေ့ရှိပြီး ရင်ပြင်၌သေဆုံးခဲ့သော သားသမီးများအတွက် မိဘများက ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ်ပေးခြင်းကိုလည်း တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly