တရုတ်ကအမျိုးသားနေ့အင်အားပြမှုအဖြစ် ထိုင်ဝမ်ကာကွယ်ရေးဇုန်၌ စစ်လေယာဉ် ၃၈စင်း ပျံသန်း

တရုတ်ကအမျိုးသားနေ့အင်အားပြမှုအဖြစ် ထိုင်ဝမ်ကာကွယ်ရေးဇုန်၌ စစ်လေယာဉ် ၃၈စင်း ပျံသန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် တရုတ်က အောက်တိုဘာ ၁ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေး ဇုန်အတွင်းသို့ စစ်လေယာဉ် ၃၈ စင်း ပျံသန်းခဲ့သည်ဟု မြို့တော်တိုင်ပေမှ အရာရှိများက ပြောသည်။

အဆိုပါ ဝင်ရောက်မှုသည် ဗြိတိန်က ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောတစ်စီးအား ဆိုးရွားသော ရည်ရွယ်ချက်များဖြင့် စေလွှတ်သည်ဟု တရုတ်က စွပ်စွဲသည့် သီတင်းပတ်အတွင်း မှာပင်ဖြစ်သည်။

J-16 တိုက်လေယာဉ် ၁၈ စင်းနှင့် Su-30 တိုက်လေယာဉ် ၄ စင်း အပါအဝင် နျူကလီးယားတပ်ဆင်နိုင်သော H-6 ဗုံးကြဲလေယာဉ် ၂ စင်းနှင့် ရေငုပ်သင်္ဘောဖျက်လေယာဉ် ၁ စင်းတို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁ ရက်ည သန်းခေါင်ယံအချိန်၌ နောက်ထပ် J-16 တိုက်လေယာဉ် ၁၀ စင်း၊ H-6 ဗုံးကြဲလေယာဉ် ၂ စင်းနှင့် ကြိုတင်သတိပေးစနစ်တပ်လေယာဉ် ၁ စင်း စသည့် တရုတ်စစ်လေယာဉ် ၁၃ စင်း ထပ်မံဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်က အဆိုပါ လေယာဉ်များကို ဒုံးကျည်စနစ်များအသုံးပြု စောင့်ကြည့်သလို တိုက်လေယာဉ်များ စေလွှတ် သတိပေးခဲ့သည်။

ထိုင်ဝမ်ကာကွယ်ဝန်ကြီးဌာနကထုတ်ပြန်သော မြေပုံအရ ပထမအသုတ် တရုတ်လေယာဉ်များအားလုံးသည် ပရာတက်စ်ကျွန်းများအနီးရှိ ဝေဟင်ပိုင်နက်ထဲသို့ ပျံသန်းခဲ့ပြီး ဗုံးကြဲလေယာဉ် ၂ စင်းသည် သန္တာကျောက်တန်းများနှင့်အနီးဆုံးအထိ ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ဒုတိယအသုတ်သည် ဖိလစ်ပိုင်နှင့်ထိုင်ဝမ်ကို ပိုင်းခြားသော ဘာရှီရေလက်ကြား ဝေဟင်ပိုင်နက်အတွင်းသို့ ပျံသန်းခဲ့ပြီး ၎င်းရေလက်ကြားသည် ပစိဖိတ်သမုဒ္ဒရာနှင့် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ကို ဆက်သွယ်ထားသော အဓိကရေလမ်းကြောင်းဖြစ်သည်။

တရုတ်က နောက်ဆုံးပြုလုပ်ခဲ့သည့် အင်အားပြပျံသန်းမှုအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပြုခဲ့ပေ။ ထိုသို့လေယာဉ်များပျံသန်းမှုသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား ပူးပေါင်းကြံစည်မှုကို ရည်ရွယ်ကြောင်း ယခင်က ပြောခဲ့သည်။

ဗြိတိန်က ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၂၇ ရက်က စစ်သင်္ဘော ၁ စီးကို ထိုင်ဝမ်ရေလက်ကြားသို့ စေလွှတ်ခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်တွင် တရုတ်စစ်လေယာဉ်များ ဝင်ရောက်ပျံသန်းခဲ့ခြင်းဖြစ်သည်။

ဗြိတိန်စစ်သင်္ဘောဖြတ်သန်းမှုသည် ထိရှလွယ်သည့် ရေလမ်းကြောင်းအတွက် တရုတ်အစိုးရ၏ တောင်းဆိုမှုကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး အမေရိကန်မဟုတ်သော စစ်ရေယာဉ်တစ်စီး ဝင်ရောက်ခဲ့သည့် ကြုံတောင့်ကြုံခဲ့ ဖြစ်စဉ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly