ခင်ဦးနယ်တွင် အသတ်ခံရသည့် စစ်တပ်သတင်းပေးနှင့် အုပ်ချုပ်ရေးမှူး အယောက် ၃၀ အထိရှိလာ

ခင်ဦးနယ်တွင် အသတ်ခံရသည့် စစ်တပ်သတင်းပေးနှင့် အုပ်ချုပ်ရေးမှူး အယောက် ၃၀ အထိရှိလာ

အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ‌‌ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အသတ်ခံရသည့် စစ်တပ်သတင်းပေးနှင့် အုပ်ချုပ်ရေးမှူးဦးရေမှာ အယောက် ၃၀ အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများ ရေတွက်မှတ်တမ်း တင်ထားသည့် စာရင်းဇယားများအရ သိရသည်။

ခင်ဦးနယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေး ဒလန်များ အသက်ခံရမှုမှာ ခပ်စိပ်စိပ်ဖြစ်ပေါ်လျက်ရှိသည်။

ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာမှ ပျူဒလန် ခေါင်းဆောင်တစ်ယောက်နှင့်အတူ နောက်လိုက် ပျူစောထီးအဖွဲ့ဝင် ဒလန်နှစ်ယောက်အား ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညပိုင်း ၁၁ နာရီခန့်က ၎င်းတို့နေထိုင်ရာ ကျေးရွာရှိနေအိမ်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း တောကြီးမြွေဟောက်အဖွဲ့-ခင်ဦးမှ ယနေ့ အောက်တိုဘာလ ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“အသတ်ခံရတဲ့ ပျူဒလန် အဖွဲ့ဝင်နှစ်ဦးဖြစ်ကြတဲ့ ကိုစိုးမျိုး၊ ကိုဇော်သန်းနဲ့ အတူပျူစောထီးဒလန် ခေါင်းဆောင်ဖြစ်တဲ့ ကိုစိုးမင်းက စစ်ကောင်စီတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့တာတွေလုပ်တယ်။ ငွေကြေးပြည့်စုံသူဖြစ်တဲ့အတွက် ပျူစောထီးအဖွဲ့ဝင်တွေကို လက်နက်ဝယ်ပေးတာတွေရှိတယ်။ ကျေးရွာအနီးက တာဝါတိုင် ဖောက်ခွဲခဲ့တုန်းက စစ်ကောင်စီထံကို သတင်းပေးတိုင်ကြားခဲ့သူဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သုတ်သင်ရှင်းလင်း ခံရသူများမှာ အသက်(၅၀)နှစ်ခန့်အရွယ် ကိုစိုးမင်း၊ အသက်(၃၈) နှစ်အရွယ်ကိုစိုးမျိုး နှင့် အသက် (၃၅)နှစ်ခန့် ကိုဇော်သန်း တို့ဖြစ်ကြောင်းသိရသည်။

“တောကြီးမြွေဟောက်အဖွဲ့- ခင်ဦး အနေဖြင့် ကြေညာချက်နံပါတ်(၁) အား ပြည်သူလူထုထံသို့ ကြေညာချက်ထုတ်ပြန် အသိပေးခဲ့ပြီးဖြစ်သည်။ထိုကြေညာချက်အား မျက်ကွယ်ပြုပြီး စကစ၏ လက်ပါးစေ အဖြစ် အသုံးတော်ခံနေပြီး စကစတပ်များကို ရွာခေါ်၍ ဝင်ရောက်စီးနင်း၊ ဖမ်းဆီး ၊ပစ်သတ်၊ မီးရှို့၍ ဖျက်ဆီးခံရသည်အထိ ကျေးရွာနေပြည်သူများကို ဒုက္ခပေးနေကြသည့် ဒလန်များအား ၎င်းတို့ကျေးရွာရှိ နေအိမ်၌ပင် ၎င်းတို့ ရွေးချယ်ရာလမ်း၊ သွားလိုရာခရီးသို့ ကူညီပို့ဆောင်လိုက်ပါကြောင်း” ဟု တောကြီး‌ေမြွဟောက်အဖွဲ့ -ခင်ဦး ကထုတ်ပြန်ထားသည်။

ဆက်လက်၍လည်း စစ်ကောင်စီတပ်များ၏ အသုံးတော်ခံအဖြစ် ရပ်တည်နေသော လက်ပါးစေများကို အမြန် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly