အိန္ဒိယသည် ကမ္ဘာပေါ်တွင် AI နည်းပညာ ဦးဆောင်နိုင်ငံ ဖြစ်လာနိုင်

အိန္ဒိယသည် ကမ္ဘာပေါ်တွင် AI နည်းပညာ ဦးဆောင်နိုင်ငံ ဖြစ်လာနိုင်

ဉာဏ်ရည်တု(AI) ဆိုသည့် စကားလုံးသည် အနာဂတ်နည်းပညာနှင့် မူဝါဒဆိုင်ရာပဏာမခြေလှမ်းများအတွက် ရေပန်းစားနေသော စကားလုံးဖြစ်ပြီး သတင်းအချက်အလက် အသုံးချနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် ဉာဏ်ရည်တုဆိုင်ရာ နှစ်စဉ်နှီးနှောဖလှယ်ပွဲ (AI4IA) ကို ‘သတင်းအချက်အလက် အသုံးချနိုင်ရေးဆိုင်ရာ UNESCO လုပ်ငန်း အဖွဲ့’ က အွန်လိုင်းမှ စီစဉ်ကျင်းပခဲ့သည်။

နှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားရာတွင် အိန္ဒိယအစိုးရ၏ National E-Governance Division (NeGD) နှင့် mygov.in ၏ အမှုဆောင်အရာရှိချုပ် အဘီဟိုင်ရှိတ်ဆင်းက ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းတွင် AI အခြေခံ နည်းပညာများသည် ကမ္ဘာ့စီးပွားရေးတွင် ဒေါ်လာ ၁၅-၂၀ ဘီလီယံခန့် တန်ဖိုးအထိ ပါဝင်လာရန် မျှော်မှန်းထားသည်။

“အိန္ဒိယမှာတော့ AI နဲ့ ပတ်သက်တဲ့ စီးပွားရေးက ခန့်မှန်းခြေဒေါ်လာ သန်း ၉၅၀ ဝန်းကျင်ရှိလာပါလိမ့်မယ်” ဟု ပြောကြား ခဲ့သည်။

“ AIနဲ့ ပတ်သက်တဲ့ လုပ်သားအင်အားနဲ့ ပတ်သက်လို့ အိန္ဒိယက အားသာချက်ရှိတာကြောင့် အိန္ဒိယက AI တိုးတက်မှုမှာ ဒီအားသာချက်ကို အပြည့်အဝအသုံးချဖို့အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့က AI လုပ်သားအင် အားစုကို အများဆုံး ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ကျွန်တော်တို့က ကမ္ဘာအတွက် AI အခြေပြုဖြေရှင်းချက်တွေကို တည်ဆောက်ပေးနေတဲ့အကြီးဆုံး AI အစမျိုးလုပ်ငန်းတွေရှိတဲ့ နိုင်ငံတွေထဲက တစ်ခုပါ” ဟု အဘီဟိုင်ရှိတ်ဆင်းက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် AI အတွက် အမျိုးသားမဟာဗျူဟာ (NSAI) ကို ၂၀၁၈ ခုနှစ်၌ ချမှတ်ခဲ့ရာတွင် စွမ်းရည်တည်ဆောက်ခြင်း၊ စူပါကွန်ပျူတာစနစ်များထည့်ပေါင်းခြင်းနှင့် AI အခြေခံနည်းပညာ ကျောင်းမှ ကျောင်းသားများအပါအဝင် လူငယ်များကို လေ့ကျင့်သင်ကြားပေးခြင်းတို့ပါဝင်သည်။

သုတေသနရည်ရွယ်ချက်အတွက်ရရှိနိုင်သော အချက်အလက် အမြောက်အမြားကို အသုံးပြုခြင်းဖြင့် အိန္ဒိယသည်“ ကမ္ဘာပေါ်တွင် AI နည်းပညာ သိုလှောင်ရုံ” ဖြစ်လာစေရန် သေချာကြောင်း သူက ပြောခဲ့သည်။

AI နှင့် ဥပဒေဆိုင်ရာဆွေးနွေးခန်းတွင် အိန္ဒိယတရားလွှတ်တော်ချုပ်တရားသူကြီးဟောင်း အေကေဆစ်ခရီက AI ကိုအသုံးပြုပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များ ချိုးဖောက်နိုင်ခြင်း၏ အန္တရာယ်များနှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။

AI သည် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် အစိုးရဝန်ဆောင်မှုများအတွက် အရေးပါ သောအသုံးဝင်မှုများရှိသည်ကို လက်ခံသော်လည်း ဆစ်ခရီက ယင်းကဲ့သို့ထိတွေ့သုံးစွဲမှုများက ပုဂ္ဂိုလ်ရေး အချက်အလက်များကာကွယ်ပိုင်ခွင့်ကဲ့သို့သော “ လူ့အခွင့်အရေးအတွက် စိန်ခေါ်မှု တစ်ခုဖြစ် လာသည်” ဟု ထောက်ပြပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly