အကောက်ခွန်ဆိုင်ရာစိုးရိမ်မှုကြောင့် တရုတ်ဆိုလာပြားထုတ်လုပ်သူအချို့ အမေရိကန်သို့ တင်ပို့မှု ရပ်နား

By The Washington Post
03 October 2021
အကောက်ခွန်ဆိုင်ရာစိုးရိမ်မှုကြောင့် တရုတ်ဆိုလာပြားထုတ်လုပ်သူအချို့ အမေရိကန်သို့ တင်ပို့မှု ရပ်နား

တရုတ်ဆိုလာပြားထုတ်လုပ်သူများသည် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခြင်းဆိုင်ရာ အဆိုပြုချက်အပါအဝင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ စိုးရိမ်မှုများကြောင့် အမေရိကန်သို့ ဆိုလာပြားများတင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ကြပြီး တင်ပို့မှုများရပ်ဆိုင်းရန် ခြိမ်းခြောက်မှုများလည်းရှိသည်ဟု ဆိုလာပြားဝယ်သူနှင့် ဆိုလာစွမ်းအင်တီထွင်ထုတ်လုပ်သူများက သတင်းစာရှင်းလင်းပွဲတစ်ခု၌ စက်တင်ဘာ ၂၇ ရက်က ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ရပ်နားခြင်းသည် ဘိုင်ဒင်အစိုးရ၏ အစိမ်းရောင်စွမ်းအင်ရည်မှန်းချက်မှ လွဲချော်စေပြီး အမေရိကန် ဆိုလာပြား တပ်ဆင်သူများအကြား ကြီးမားသော အလုပ်လက်မဲ့ဖြစ်မှုကို ဦးတည်စေကာ ကုန်လက် ကျန်စာရင်းမရှိမှုကြောင့် စီမံကိန်းများကိုလည်း နှောင့်နှေးစေသည်ဟု ဆိုလာပြားတီထွင်ထုတ်လုပ်သူများက ပြောသည်။

အမေရိကန်အခြေစိုက် ဆိုလာပြားထုတ်လုပ်သူများက မမျှတသော တရုတ်ယှဉ်ပြိုင်မှုကြောင့် ၎င်းတို့ ထိခိုက်ရသည်ဟု ပြောဆိုခဲ့ပြီး တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဘေးကျပ်နံကျပ်အခြေအနေ ဖြစ်လာခြင်းဖြစ်သည်။

အရှေ့တောင်အာရှရှိ တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သော ဆိုလာပြားများအပေါ် သွင်းကုန်ခွန် ပိုမိုကောက်ခံရန် အမေရိကန်အခြေစိုက် ထုတ်လုပ်သူများက တင်သွင်းသော တောင်းခံလွှာကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရေးကို ကုန်သွယ်ရေးဌာနက ယခုသီတင်းပတ်၌ ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်သည် ၂၀၁၂ ခုနှစ်က တရုတ်ဆိုလာပြားများထုတ်လုပ်သူများကို စုပုံတင်ပို့မှုတန်ပြန်အခွန် ပြဋ္ဌာန်းခဲ့ပြီး တရုတ်က ၎င်းအခွန်ကို ရှောင်ရှားရန် ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းတို့တွင် လုပ်ငန်းများ အကန့်အသတ်ဖြင့် တည်ထောင်ခဲ့သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။ ကုမ္ပဏီများသည် ထုတ်ကုန်အများစုကို တရုတ်တွင် ထိန်းသိမ်းထားလျက် အရှေ့တောင်အာရှတွင် သင့်ရုံမျှသာ နောက်ဆုံးထုတ်လုပ်မှုအဆင့်များကို လုပ်ဆောင်သည်ဟု တောင်းဆိုသူများက ကန့်ကွက်ပြောဆိုကြသည်။

ကုန်သွယ်ရေးဌာနက အသနားခံလွှာကို သဘောတူညီပြီး အခွန်တိုးကောက်ရန် ပြဋ္ဌာန်းမည်ကို စိုးရိမ်မှုကြောင့် အမေရိကန်သို့ ဆိုလာပြားများတင်ပို့ခြင်းရပ်ဆိုင်းရန် သို့မဟုတ် နောင်တွင်ပေးပို့မှုအတွက် မှာယူမှုများကိုလက်ခံခြင်းအား ရပ်တန့်ရန် ပစ်မှတ်ထားခံရသော ထုတ်လုပ်သူအချို့အား တွန်းအားဖြစ်စေခဲ့သည်ဟု ဆိုလာစွမ်းအင်စက်မှုလုပ်ငန်းရှင်များအသင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုလာစွမ်းအင်ထုတ်လုပ်တပ်ဆင်သူများက ပြောခဲ့သည်။

အသနားခံလွှာတွင် ရည်ရွယ်ထားသည့် ဆိုလာပြားထုတ်လုပ်သည့်ကုမ္ပဏီများတွင် Longi၊ Trina Solar၊ JA Solar နှင့် JinkoSolarတို့ပါဝင်သည်။

ဘိုင်ဒင်အစိုးရသည် ၂၀၃၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှ ကာဗွန်ထုတ်လွှတ်မှု ပပျောက်ရေးရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် နေရောင်ခြည်စွမ်းအင်ကို သိသိသာသာ ပိုမိုသုံးစွဲရန် ရည်မှန်းထားသည်။ နိုင်ငံအနေဖြင့် ၂၀၃၅ ရည်မှန်းချက်ကို ပြည့်မီရန် ဆိုလာပြားတပ်ဆင်မှုနှုန်းကို ၃ ဆ သို့မဟုတ် ၄ဆတိုးရမည်ဟု တာဝန်ရှိသူများက ပြောသည်။

မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ထုတ်လုပ်သောကုမ္ပဏီများသည် အမေရိကန်ရှိ ဆိုလာပြား၅၉ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသည်ဟု ဆိုလာစွမ်းအင်စက်မှုလုပ်ငန်းရှင်များအသင်း (SEIA) က ဆိုသည်။ First Solar ဆိုလာကုမ္ပဏီမှအပ အမေရိကန်အခြေစိုက် ဆိုလာပြားထုတ်လုပ်သူ အနည်းငယ်သာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly