တတိယကမ္ဘာစစ်ဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေသော်လည်း တရုတ်၏ ပြင်းထန်သော ခြိမ်းခြောက်မှုကိုကာကွယ်ရန် ထိုင်ဝမ်က တာဝေးပစ်ဒုံးကျည်များကို မိမိအစီအစဉ်ဖြင့် တပ်ဆင်ရန် ဆုံးဖြတ်ထားသည်။
တရုတ်လေတပ်သည် ၂၀၂၁ ခုနှစ်အတွင်း ယခုအချိန်အထိ ထိုင်ဝမ်၏လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ အကြိမ် ၅၀၀ ထက်မနည်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယခုကဲ့သို့ ကတိပြုလိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရုတ်သည် ထိုင်ဝမ်ကို တိုက်ခိုက်ရန် ၎င်း၏စစ်ဘက်ဆိုင်ရာ စနစ်များကို အလျင်အမြန် တည်ဆောက်နေသည်ဟု ကာကွယ်ရေးဝန်ကြီး ချူကော်ချန်က စက်တင်ဘာ ၂၇ ရက်တွင် သတိပေးခဲ့သည်။
ကြီးနိုင်ငယ်ညှဉ်းပြုသော အိမ်နီးချင်းကို စနစ်တကျဟန့်တားရန် ထိုင်ဝမ်အနေဖြင့် ပစ်မှတ်တိကျသော တာဝေးပစ် လက်နက်များရှိရန် လိုအပ်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။
တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အား လိုအပ်ပါက အင်အားသုံး၍ ပြည်မကြီးနှင့် ပြန်လည် ပေါင်းစည်းရမည့် ပုန်ကန်နေသောဒေသအဖြစ် သတ်မှတ်ထားသည်။
ထိုင်ဝမ်သည် နောင်လာမည့် ၅ နှစ်အတွင်း ပုံမှန်ထက်ပိုသောကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၉ ဘီလီယံ နီးပါး သုံးစွဲရန် ယခုလ၌ အဆိုပြုထားသည်။
အိမ်နီးချင်းနိုင်ငံကြီးမှ ပြင်းထန်သော ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရာတွင် လက်နက်များအဆင့်မြှင့်တင်ရန် အရေးတကြီးလိုအပ်သောကြောင့် ဒုံးကျည်အသစ်များဝယ်ယူရန်လည်း ပါဝင်သည်။
ထိုင်ဝမ်အရှေ့တောင်ပိုင်းရှိ အဓိကစမ်းသပ်နေရာတစ်ခု၌ ကြားဖြတ်စစ်ရေးလေ့ကျင့်မှုများတွင် တာလတ်နှင့် တာဝေးပစ်ဒုံးကျည်နှစ်မျိုးစလုံးကို အသုံးပြုနေခဲ့သည်ဟု ကာကွယ်ရေးအကြီးအကဲများက ဆိုသည်။
ထိုင်ဝမ်သည် ၎င်းအနီး၌ တရုတ်၏ ထပ်တလဲလဲ စစ်ရေးလှုပ်ရှားမှုများ အထူးသဖြင့် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ တိုက်လေယာဉ်များဝင်ရောက်မှုကို လပေါင်းများစွာ ကန့်ကွက်ခဲ့သည်။
ပေကျင်းက ထိုင်ဝမ်လေပိုင်နက်ထဲသို့ တိုက်လေယာဉ်များ ဆက်တိုက်စေလွှတ်နေသောကြောင့် တတိယကမ္ဘာစစ်ဖြစ်ပွားမည်ကို စိုးရိမ်မှုများ တိုးလာခြင်းဖြစ်သည်။
ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးသဘောတူညီချက်တွင် ထိုင်ဝမ်ပါဝင်ခြင်းကို ကန့်ကွက်ကြောင်း တရုတ်က ထုတ်ပြန်ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်အထိ တရုတ်သည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ နျူကလီးယားလက်နက်တပ်ဆင်နိုင်သော ဗုံးကြဲလေယာဉ်နှစ်စင်းအပါအဝင် တိုက်လေယာဉ် ၂၄ စင်း ပျံသန်းခဲ့ပြီး သီတင်းပတ်များစွာအတွင်း အကြီးမားဆုံး ကျူးကျော်မှုဖြစ်သည်။