ဗီယက်နမ်ရဲ့ စီးပွားရေးမြို့တော် ဟိုချီမင်းမှာ ၃ လကြာ လော့ဒေါင်း ပြန်ရုပ်သိမ်း 

ဗီယက်နမ်ရဲ့ စီးပွားရေးမြို့တော် ဟိုချီမင်းမှာ ၃ လကြာ လော့ဒေါင်း ပြန်ရုပ်သိမ်း 
Photo - AFP

အောက်တိုဘာ ၂

ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးအချက်အခြာဖြစ်တဲ့ ဟိုချီမင်းမြို့မှာ မြို့နေပြည်သူ အိမ်ပြင်မထွက်ရဘဲ စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေကိုလည်း ယိုယွင်းဆိုးဝါးမှု ဖြစ်ပေါ်နေစေတဲ့ သုံးလကြာ လော့ဒေါင်းချထားတာကို သောကြာနေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ 

မြို့ရဲ့ တောင်ပိုင်းစည်ပင်သာယာနယ်မြေတွေမှာ အဓိကအားဖြင့် ပိုမို ကူးစက်ဖြစ်ပွားတဲ့ မြန်ဆန်တဲ့ COVID-19 ကူးစက်မှုလှိုင်းကို ဟန့်တားနိုင်ဖို့အတွက် မြို့ခံတွေဟာ အစားအစာအတွက်တောင် အိမ်ပြင်ထွက်ခွင့် မရခဲ့တာ ဖြစ်သလို မြို့ဧရိယာ အတွင်းအပြင် သွားလာမှုတွေ အားလုံးနီးပါးကို ရပ်ဆိုင်းထားခဲ့တာပါ။ 

နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၇၉၀၀၀၀ ရဲ့ တစ်ဝက်နီးပါးဟာ ဟိုချီမင်းမြို့က ဖြစ်ပြီး တစ်နိုင်ငံလုံး COVID-19 ကြောင့် သေဆုံးနှုန်းရဲ့ လေးပုံသုံးပုံကလည်း ဒီမြို့ကပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း ပြန်ကျလာတာကြောင့် သောကြာနေ့မှာ လမ်းပေါ်က အတားအဆီးတွေကို စစ်သားတွေက ဖယ်ရှားရှင်းလင်ပြီး မြို့ကို နယ်မြေအလိုက် ပိုင်းခြားထားတဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း စတင်ဖယ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ 

“ကျွန်တော်တော့ ပျော်သွားပြီဗျာ”ဆိုပြီး သစ်သီဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါး ရောင်းတဲ စတိုးဆိုင်ပိုင်ရှင် ထရန်ဗန်ဗူးက ဆိုပါတယ်။ 

“လော့ဒေါင်းတုန်းက ကျွန်တော့် အလုပ်အကိုင် အတော်လေး ထိခိုက်ခဲ့တယ်၊ ဆိုင်က စားသောက်ကုန်တွေ အိမ်အရောက်ပို့ပေးမယ့်လူ ရှားတယ်လေ၊ အဲဒီလို လူတွေကို နှစ်ရက်တစ်ခါ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်ရတာမို့ ကုန်ကျစရိတ် အတော်ထောင်းခဲ့တယ်”လို့ ကပ်ဘေးမတိုင်ခင်က သူ့ဆိုင်ကို တိုးချဲ့ဖို့ အစီအစဉ်ရှိထားခဲ့သူ ထရန်ဗန်ဗူးက ပြောပါတယ်။ 

အခုတော့ ဟိုချီမင်းမြို့က လမ်းတွေဟာ လအတော်ကြာအတွင်းမှာ ပထမဆုံးအဖြစ် ပြန်လည်စည်ကားလာပြီး စီးပွားရေးဆိုင်ခန်းလုပ်ငန်းတွေဟာလည်း ပြန်ဖွင့်ဖို့ တာစူနေသလို ကာကွယ်ဆေး ထိုးနှံပြီးသူတွေဟာ မြို့တွင် လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီ ဖြစ်ပါတယ်။ 

အခြားပြည်နယ်တွေဆီ သွားရောက်ခွင့်ကို အာဏာပိုင်တွေအနေနဲ့ တားမြစ်ထားဆဲ ဖြစ်ပေမယ့် မြို့ထွက်လမ်းက စစ်ဆေးရေးဂိတ်မှာတော့ မွေးရပ်မြေပြန်ကြမယ့် မျှော်လင့်ချက်နဲ့ မော်တော်ဆိုင်ကယ်စီး မိသားစု ထောင်ပေါင်းများစွာ စုရုံးရောက်ရှိနေပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့ စံပြအဖြစ် ချီးမွှမ်းခံခဲ့ရပေမယ့် ဧပြီလမှာ မြောက်ပိုင်းစက်မှုဥယျာဉ်တွေက အစပြုတဲ့ ကူးစက်မှု စတုတ္ထလှိုင်းဟာ တောင်ပိုင်းအထိ အလျင်အမြန် ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ 

လူဦးရေ သန်း ၁၀၀ နီးပါးရှိရာ ပြည်သူတွေရဲ့ သုံးပုံတစ်ပုံကျော်ထက်မနည်းဟာ အခု နွေရာသီမှာ အိမ်မှာပဲ နေရတဲ့ အမိန့်အောက်မှာ လိုက်နာခဲ့ရပြီး နိုင်ငံရဲ့ အရေးပါတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း အားချည့်သွားခဲ့ရသလို ဈေးကွက်စီးဆင်းမှုလည်း ပြတ်တောက်သွားခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly