မိခင်ရဲ့အမွေပြတ်စွန့်လွှတ်ခြင်းကိုခံရတဲ့ PDF သူရဲကောင်း

မိခင်ရဲ့အမွေပြတ်စွန့်လွှတ်ခြင်းကိုခံရတဲ့ PDF သူရဲကောင်း

အောက်တိုဘာ ၁

အာဏာသိမ်းမှုတွေ စဖြစ်တော့ ဆန္ဒသွားပြကြမယ့် လူငယ်မျိုးဆက်သစ်တွေကို သူတို့မိဘတွေက လိုအပ်တာတွေ ကူညီဖြည့်ဆည်းပေးတာ မြင်ဖူးခဲ့ကြရ ပါလိမ့် မယ်။ ကိုရှိုင်းထက်ဇော်ကတော့ ဒီလို မဟုတ်ခဲ့ပါဘူး။ အာဏာရှင်လက်အောက် ကနေ ပြန်လည်လွတ်မြောက်နိုင်ဖို့ PDF တပ်သားတစ်ဦးအဖြစ် သူတာဝန်ထမ်း ဆောင်နေရချိန်မှာပဲ သူ့မိခင်ရဲ့ အမွေပြတ်စွန့်လွှတ်ခြင်းကို ခံခဲ့ရတယ်။

“ အရာအားလုံးဆုံးရှုံးရမယ်ဆိုတာ သိပြီးသားပါ အမေ။ အမေ့ကို စွန့်ခွာခဲ့တဲ့ သား (လုံးဝ) ခွင့်မလွှတ်ပါနဲ့။ ပြည်သူအားလုံးအတွက် သားမှန်တဲ့ လမ်းရွေး ခဲ့တာဖြစ်လို့ သားနောင်တမရဘူး။ အဆုံးထိ ဆက်လျှောက်မယ် ” လို့ မိခင်ရဲ့ အမွေပြတ်စွန့်လွှတ်ခြင်းကို ခံလိုက်ရတဲ့ ကိုရှိုင်းထက်ဇော်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ‌ပေါ်မှာ ရေးသားထားပါတယ်။

အမေဖြစ်သူရဲ့ အမွေပြတ်စွန့်လွှတ်ခြင်း ခံရပေမယ့် ကိုရှိုင်းက သူ့အမေအပေါ် အပြစ်မမြင်ဘူးလို့ မဇ္ဈိမကို ဖြေကြားပါတယ်။

“ဒီကြေညာစာ မိဘတွေမှာ အပြစ်မရှိပါဘူး။ ရွေးတဲ့လမ်း လမ်းမှန်တယ်လို့ ခံယူထားတဲ့ကျွန်တော့်အတွက် အားလုံးစွန့်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ ” တဲ့။

သူအခု PDF ထဲရောက်တာ ၅ လထိ ရှိသွားပါပြီ။ မတ်လရဲ့ ပူပြင်းမှုတွေနဲ့အတူ စစ်သင်တန်းတက်ဖို့ သူ အိမ်ကနေ စတင်ထွက်လာခဲ့တယ်။ PDF - TC အတွက် ကျရာနေရာကနေ ရန်ပုံငွေရှာဖွေရေးတာဝန်ကို ထမ်းဆောင်နေရပါတယ်။

“စစ်အာဏာရှင် အမြစ်ပြတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်မှ မဟုတ်ပါဘူး။ ကျရာနေရာက တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားမှာပါ ” လို့ မဇ္ဈိမကို သူက ပြောပြပါတယ်။

အိမ်ထောင်ကွဲမိဘအသိုင်းအဝိုင်းထဲမှာ နေလာရတဲ့သူ့အတွက် ဖခင်က ဘယ်ဆီတွေရောက်လို့ ရောက်မှန်းမသိခဲ့ပါဘူး။ ဒီလို အမေနဲ့သာနေရတဲ့ သူတစ်ယောက်အတွက် အမေကိုထားခဲ့ပြီး အာဏာရှင်ကိုဆန့်ကျင်ဖို့ အိမ်ကို ကျောခိုင်းခဲ့ရတာက ကြီးမားတဲ့ စွန့်လွှတ်မှုပါ။ အခုတော့ အမေကပါသူ့ကို စွန့်လွှတ်လိုက်ပြန်ပြီလေ။

“ အဆပေါင်းများစွာ ဝမ်းနည်းရပါတယ်။ ဒီထက်ကြီးမားတဲ့ဆုံးရှုံးမှု နောက်မရှိ နိုင်တော့ပါဘူး။ မိဘဘယ်လို စွန့်လွှတ်ပါစေ။ သားတစ်ယောက် အနေနဲ့ ချစ်နေ မှာပါ ” လို့ သူက ဆိုပါတယ်။

" အမေနဲ့ ငါးလလောက် အဆက်အသွယ် မလုပ်ခဲ့ရဘူး။ အမေကို မကြည့်ဘဲ ပြည်သူကိုကြည့်မိခဲ့လို့ အမေ့မှာ အပြစ်မရှိဘူးတဲ့။ အားလုံး သူ့အပြစ်တွေပါ" လို့ ကိုရှိုင်းထက်‌ဇော်က သူ့လူမှုကွန်ရက်မှာ ရေးသားထားတယ်။

“သား စစ်ပညာတွေ အားလုံးတတ်မြောက်အောင်သင်ယူခွင့်ပေးပါ။ သား တော်လှန်ရေးရဲဘော်တွေကို ကာကွယ်ခွင့်ပေးပါ။ သား လက်တစ်ဆုပ်စာ အာဏာရှင်ကို အမြစ်ဖြတ်ခွင့်ပေးပါ။ သား ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ခွင့်ပေးပါ။ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို သားခြေ၊ သားလက်နဲ့ တည်ဆောက်ခွင့် ပေးပါအမေ ” လို့ သူ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

အခုတော့ ကိုရှိုင်းတစ်ယောက် သင်တန်းဆင်းဖို့နီးပြီလို့ ပြောပြတယ်။ “ပြည်သူကျွေးတဲ့ ဆန်ကိုစားပြီးတော့ နေ့စဉ်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးအရည်အချင်း ပြည့်ဝတဲ့ စစ်သား တစ်ယောက်ဖြစ်အောင် ကြိုးစားနေ ပါတယ် ” လို့ မဇ္ဈိမကို ဖြေပါတယ်။

“ တော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့နေ့ အသက်ရှင်နေသေးရင် အိမ်ပြန်စရာ မရှိတဲ့ သူတစ်ယောက် ဖြစ်ရုံကလွဲလို့ အဆင်ပြေပါတယ်အမေ။ သား အမေ့ကို အရမ်းချစ်ပါတယ် ” လို့ သူ့အမေကို ကိုရှိုင်းထက်ဇော်က သူ့လူမှု ကွန်ရက်ကနေ ပြောထားပါတယ်။

“ဒီပွဲက ကျွန်တော်တို့နိုင်မှာ ” ဆိုတဲ့ မိခင်ရဲ့ စွန့်လွှတ်ခြင်းခံရတဲ့ PDF သူရဲ ကောင်းတစ်ဦး ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required