ခင်ဦးနယ်က ပျဉ်ထောင်ရွာကို စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ရာ ၅နှစ်အရွယ် ကလေး အပါအဝင် ရွာခံ ၄ ဦး သေဆုံး

ခင်ဦးနယ်က ပျဉ်ထောင်ရွာကို စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ရာ ၅နှစ်အရွယ် ကလေး အပါအဝင် ရွာခံ ၄ ဦး သေဆုံး

အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီ တပ်များက အင်အားသုံးပစ်ခတ်ရာ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် ရွာသားလေးဦး ကျည်ထိမှန်သေဆုံးသွားခဲ့သည်။

ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို သင်တန်းပေးနေသည်ဟုဆိုကာ ယနေ့ အောက်တိုဘာလ ၁ရက် မနက် ၅ နာရီမှစ၍ စစ်ကောင်စီတပ်အင်အား ၂၀၀ခန့်ဝင်ရောက်လာပြီးပစ်ခတ်မှုကြောင့် အသက်ငါးနှစ်အရွယ် မမျိုးသန္တာလှိုင်၊ ၃၃နှစ်အရွယ် ကိုထွန်းစီ၊ ၃၅နှစ်အရွယ် ကိုကျော်မင်းထွန်းနှင့် အသက်၄၈နှစ်အရွယ် ကိုထွန်းဦးတို့သေဆုံးသွားသည်။

ရွာခံများဖြစ်သည့် ကိုညွန့်ဝင်းနှင့် ဒေါ်ဋ္ဌေးနွယ်တို့သည်လည်း ဒဏ်ရာများရခဲ့ သဖြင့် ဆေးကုသမှု ခံယူနေရသည်။

ထို့အပြင် ကိုအောင်သူ၏အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကာ တခြားအိမ်လေးလုံးရှိ အိမ်တွင်းပစ္စည်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြ သည်ဟုဆိုသည်။

" စစ်သားတွေက ရွာလမ်း အရှေ့နဲ့အနောက် ကနေ ပိတ်ပြီး ဝင်စီးတာ၊ မနက်အစောကြီး ဘာအစာမှ မစားရသေးဘဲ အသက်အတွက် အဝတ်တစ် ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတယ်။ ရွာသားတွေက ကြောက်လို့ ထွက်ပြေး ကြတာကို သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်တာ၊ ကလေးတွေက အစ ကျည်ထိသေရတာ ဘယ်လိုမှ မခံစားနိုင်ဘူးဗျာ။ မွေးကင်းစကနေ အသက်၆၀ ကျော်ထိ ဒုက္ခတွေရောက်ရတယ်''ဟု ပျဉ်ထောင်ရွာသားတစ်ဦးက ပြောပြ သည်။

အာဏာသိမ်း စစ်ကောင်စီတပ်က နေ့လည်ပိုင်းအချိန် ရွာမှမထွက်ခွာမီ အချိန် တွင်လည်း '' ဒီရွာကို ပြန်လာစီးအုံးမယ်။ လိုချင်တဲ့သူ မရမချင်း လာဖမ်း မယ်''ဟု ရွာသားများကိုပြောသွားခဲ့‌သေးသည်။

ပျဉ်ထောင်ရွာအနီး ၊တဲစုရွာ လမ်းဘေးရှိ နေအိမ်များမှလည်း ဒီဇယ် ၊ဓာတ်ဆီ ၁၂ပုံး၊ ဆိုင်ကယ်နှစ်စီး၊ ပိုက်ဆံများနှင့် ဆန်အိတ်များကိုလည်း စစ်ကောင်စီ တပ်က လုယက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly