အရှေ့တောင်တိုင်းမှူးခရီးစဉ် လုံခြုံရေးယာဉ်တန်းကို DKBA (ခွဲထွက်)တပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

အရှေ့တောင်တိုင်းမှူးခရီးစဉ် လုံခြုံရေးယာဉ်တန်းကို DKBA (ခွဲထွက်)တပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး
Photo - စဝ်ဝီကုံ အဲဆိုဒ်

အောက်တိုဘာ ၁

မြဝတီမြို့သို့ သွားရောက်မည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၏ ခရီးစဉ်အတွင်း ကော့ကရိတ်မြို့ အာရှလမ်းမကြီးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီယာဉ်တန်းကို DKBA (ခွဲထွက်)တပ်က ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီခန့်တွင် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးသွားကြောင်း ဒေသတွင်း ကရင်သတင်းရင်းမြစ်များထံက သိရသည်။

ယင်းအပြင် ထိုတိုက်ပွဲတွင် စစ်ဦးစီးမှူး ပထမတန်း (GI) အရာရှိ တစ်ဦးလည်း ပေါင်တွင်ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးက “မနက်၉နာရီ ကနေစပြီး နေ့လည် ၁၁နာရီ ခွဲထိ အသံကြားရပါတယ်။ အလုံးကြီး(လက်နက်ကြီး) ရော အလုံးငယ်(လက်နက်ငယ်)ရောပေါ့။ အခုတော့ တိတ်ပါပြီ” ဟု မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်ကြီးစောကျော်သက် ဦးဆောင်သည့် DKBA (ခွဲထွက်)တပ်ဖွဲ့မှ စစ်ကောင်စီလုံခြုံရေး ယာဉ်တန်းကို ကော့ကရိတ်မြို့ အာရှလမ်းမကြီး နှင့် ကော့ကရိတ် - ကျိုက်ဒုံသွား လမ်းဆုံအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ခန့် အထိ ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၏ လုံခြုံရေးယာဉ်တန်း ထိုသို့ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်ခဲ့ရာ ရွာသစ်ကျေးရွာအပါအဝင် အနီးအနားကျေးရွာရှိ နေအိမ်များ ကျည်ဆန်ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဏာသိမ်း စစ်ကောင်စီတပ်သားများက အာရှလမ်းမကြီးတစ်လျှောက် လုံခြုံရေး ရယူထားပြီး တပ်အင်အားထပ်မံတိုးမြှင့်မှုများ လုပ်ဆောင်နေကြောင်းလည်း ကရင်သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required