ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မာဆွန်ဇိုထန် နှင့် အင်တာဗျူး

ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မာဆွန်ဇိုထန် နှင့် အင်တာဗျူး

စက်တင်ဘာ ၃၀

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA)က တိုက်ခိုက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည် ။ အချို့အဖွဲ့အစည်းများမှလည်း ZRA အဖွဲ့ကို တိုက်ထုတ်သွားမည်ဟု သဘောထား ထုတ်ပြန်မှုများ ရှိခဲ့သည်။ ၎င်းအခြေအနေများအပေါ် ZRA ၏ သဘောထားနှင့် အခြေအနေများကို သိရှိနိုင်စေရန် မဇ္ဈိမ မှ ZRA (အရှေ့ပိုင်းတိုင်း )၏ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မာဆွန်ဇိုထန် နှင့်ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး ။ ။ အခုလတ်တလော ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြရေးသားနေတဲ့ ZRO/ZRA ကနေ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို သုံးကြိမ် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်များ အပေါ် ဘယ်လိုတုံ့ပြန်လိုပါသလဲ ။

ဖြေ ။ ။ ZRA (အရှေ့ပိုင်းတိုင်း) အနေနဲ့ PDF တွေကို တိုက်ခိုက်ခြင်း မပြုလုပ်ဖူးပါဘူး ။ ZRAဟာ NUG အစိုးရကို ထောက်ခံပြီး အတူလက်တွဲတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဇိုမီး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Zomi Political Co -cordination Committee)ဟာ ဆွေးနွေးခဲ့တာရှိပါတယ်။ အဲဒါက PDF တွေက မြေပြန့်ဒေသမှာ လှုပ်ရှားမယ့် ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်တာကြောင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိပြီးဖြစ်တာမို့ ဖွဲ့ဖို့ တိုင်းရင်းသားသား ဒေသတွေမှာ PDFဖွဲ့ဖို့ မလိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ ဇိုမီး ပြည်သူ့ကာကွယ်ရေးတပ် (Zomi National Volunteer )ကို တစ်ပြိုင်နက်ဖွဲ့စည်းခဲ့ပါတယ်။ မိမိတို့အဖွဲ့အစည်း လှုပ်ရှားတဲ့ဒေသမှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ စစ်ရေးလှုပ်ရှားမှု မပြုလုပ်ဖို့နဲ့ တစ်စုံတစ်ရာအကြောင်းရှိခဲ့ရင် မိမိတို့အဖွဲ့အစည်းကို အကြောင်းကြားဖို့ ဇွန်လ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း တီးတိန် မြို့နယ်နဲ့ တွန်ဇံမြို့နယ်အတွင်းက ရွေးကောက်ခံအမတ်လောင်းတချို့နဲ့ ချင်းပြည်နယ်တစ်ခုလုံးကို ဗိုလ်ကျလိုတဲ့ လက်နက်ကိုင်အချို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်အတိုင်း အရေးယူမှုတချို့ ပြုလုပ်ခဲ့တာတော့ ရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားကနေတစ်ဆင့် ဒေါ်လာအလှူရှင်တချို့ရဲ့ အားပေးထောက်ခံ ပံ့ပိုးပေးမှုနဲ့ မီဇိုရမ်အစိုးရ၊ မီဇိုအမျိုးသားဝါဒီတို့ရဲ့ ပယောဂကြောင့် ဇိုမီးလူမျိုးများကို သွေးကွဲအောင် ကြံစည်သူများကိုလည်း အရေးယူမှုတွေရှိခဲ့ပါတယ်။ သူတို့က NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ် မဟုတ်ဘဲ အမိမြန်မာပြည်ရဲ့ ပြသနာကို အခွင့်ကောင်းယူပြီး ဇိုမီးတော်လှန်ရေး တပ်မတော် /ဇိုမီးလူမျိုးတွေရဲ့ အခြေခံသွေးစည်းညီညွတ်မှုတွေကို သွေးခွဲဖျက်ဆီးလိုတဲ့ အကြံမျိုးရှိတဲ့ PDFနာမည်ခံ အဖျက်သမားများဖြစ်နေလို့ အရေးယူခဲ့မှုများသာ ရှိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်များ ( PDF )ကိုတော့ တစ်ခါမှ တိုက်ခိုက်ခဲ့တာမရှိပါဘူး။

မေး ။ ။ ZRA အနေနဲ့ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား ။ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ရော စစ်ရေးသဘောတူညီချက်များ ရှိပါသလား ။

ဖြေ ။ ။ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ (၁)ရက်မှာ လုယူခဲ့ပြီးနောက်ပိုင်း ဧပြီလ (၁၆)ရက်မှာ NUG အစိုးရဖွဲ့စည်းခြင်းကို လုံးဝထောက်ခံပါတယ်လို့ ကျွန်တော်တို့ ဇိုမီး တော်လှန်ရေး တပ်မတော် (အရှေ့ပိုင်းတိုင်း) အနေနဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ Zoom ကနေတစ်ဆင့် ဝန်ကြီးများရဲ့ လုံခြုံမှုနဲ့ နိုင်ငံရေးအခြေအနေတွေကို လစဉ်လတိုင်း ပုံမှန်လှုပ်ရှားမှုအဖြစ် အစီရင်ခံစာပို့ပေးပါတယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ဆက်လက်ဖြေရှင်းနိုင်ဖို့နဲ့ ဇိုမီးလူမျိုးတွေရဲ့ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးနိုင်ရေး အတွက် နိုင်ငံရေးပလက်ဖောင်းဖြစ်တဲ့ Zomi Political Co -cordination Committee (ZPCC) ကိုဖွဲ့စည်းပြီး ပြည်သူ့စစ်အဖွဲ့များ Zomi National Volunteers (ZNV) (ဇိုမီးကာကွယ်ရေးတပ် / ဇိုမီးပြည်သူ့စစ်) ကိုဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးနဲ့ ကာကွယ်ရေးဆိုင်ရာအချက်အလက်တွေကိုလည်း အစီရင်ခံပေးပို့ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။

မေး ။ ။ ZRO/ZRA ရဲ့ အနာဂတ်မှာ လုပ်ကိုင်ဆောင်ရွက်သွားမယ့် နိုင်ငံရေး ၊ စစ်ရေး လုပ်ငန်းများက ဘာတွေပါလဲ ။

ဖြေ ။ ။ ကျွန်တော်တို့ ZRO/ZRA အရှေ့ပိုင်းတိုင်းအနေဖြင့် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် အကြမ်းဖက်သမားများကို အပြီးတိုင်ချေမှုန်းပြီး တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဌာန်းပိုင်ခွင့်နဲ့ ဖယ်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အစဉ်အမြဲ ဦးတည်ထားပြီး နိုင်ငံရေးပန်းတိုင်ကို မမှိတ်မ သုန် ဆက်လက် လှုပ်ရှားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွား၊ နိုင်ငံရေး ရည်မှန်းချက်များကို အသီးသီးထုတ်ပြန်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စစ်ရေးပိုင်းမှာ ZRO/ZRA ရဲ့ စစ်ရေးနယ်မြေဖြစ်တဲ့ တီးတိန်၊ တွန်းဇံနှင့် ကလေးကဘော်ချိုင့်ဝှမ်းရှိ ဇိုမီး လူမျိုးများနေထိုင်ရာ တစ်လျှောက်မှာ ZNV ပြည်သူစစ် သင်တန်းတွေပေးပြီး စစ်ကောင်စီတပ်တွေကို ချေမှုန်းဖို့အတွက် အကြီးအကျယ် ပြင်ဆင်နေပါတယ်။ စစ်ရေးနဲ့ ပတ်သက်ပြီး ဆိုးကျိုးတစ်ခုက NUGရဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ZRO/ZRA ရဲ့နယ်မြေအတွင်းမှာ လူမျိုးစုလက်နက်ကိုင်တွေ ပေါက်ဖွားလာတာပါပဲ။ အဲဒါဟာ ZRO/ZRA နဲ့ NUG ရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိခိုက်မှုတွေရှိလာခဲ့ပါတယ်။ NUG တာဝန်ခံတွေအနေနဲ့ သူတို့၏ စစ်ရေးမူဝါဒ တွေကို ပြန်လည်သုံးသပ်ဖို့တော့ လိုအပ်မယ်လို့ ZRA အနေနဲ့ ထင်မြင်ချက်ရှိပါတယ်။ ZRA အရှေ့ပိုင်းတိုင်း ဟာ အမိ မြန်မာနိုင်ငံတော် ဒီမိုကရေစီရရှိရေးနဲ့ ဇိုမီးလူမျိုးများရဲ့ အကျိုးစီးပွားအတွက် တည်ထောင်ထားတဲ့ လက်နက်ကိုင် တော်လှန်ရေးသမားများဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက် အားပေး ကြဖို့လည်း ဒီကနေ အနူးအညွတ် တောင်းဆိုချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required