ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားရ

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားရ

စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲနှင့်လပွတ္တာမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်သွားပြီး စျေးနှုန်းမြင့်တက်နေသည့်အတွက် ယာယီပိတ်ထားရမှုများ ရှိနေကြောင်းဧရာဝတီတိုင်း စက်သုံးဆီတင်သွင်းရောင်းချရေးအသင်း ထံမှသိရသည်။

“သူတို့ပိတ်လိုက်တာမမှားဘူးလေ။ ဆီအကုန်ကုန်လို့ ပိတ်တာတော့ မဟုတ်ပါဘူး။ ကျန်တာတော့ ရှိကြမှာပါ။ အခုဒေါ်လာစျေးနဲ့က သွင်းထားတဲ့သူတွေကလည်း စျေးအမြင့်တွေခေါ်တယ်။ ကိုယ်တိုင်သွင်းထားတဲ့သူမဟုတ်ရင် ၊သွင်းနိုင်တဲ့သူမဖြစ်ရင် မရောင်းနိုင်ဘူးလေ။ မနက်တစ်စျေး ညတစ်စျေးမှာ ပြန်ဝယ်ရင် ရှုံးမှာဆိုတော့ ပိတ်ထားလိုက်ကြတာ”ဟု ဧရာဝတီတိုင်း စက်သုံးဆီတင်သွင်းရောင်းချရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။

မြောင်းမြမြို့၌ ယနေ့ စက်တင်ဘာ ၂၉ရက်တွင် စက်သုံးဆီအ‌ရောင်းဆိုင်များအနက် နှစ်ဆိုင်သာ ဖွင့်လှစ်ရောင်းချနေလျက်ရှိပြီး ကျန်ဆိုင်များမှာ စက်သုံးဆီ လက်ကျန်ပြတ်သွားသည်ဟုဆိုကာ ဆိုင်ပိတ်ထားသည်ဟု စက်သုံးဆီလိုက်လံ၀ယ်ယူနေသည့် ဒေသခံ တစ်ဦးထံမှ သိရသည်။

“ဒီ‌နေ့ နှစ်ဆိုင်ပဲ ဖွင့်တာ 'ဦးဖိုးထောင်' ဆိုင်ရယ်၊ 'ဝင်း' အမည်နဲ့ဆိုင်ရယ် နှစ်ဆိုင်ပဲဖွင့်တယ်။ ကျန်တာအကုန်ပိတ်တယ်။ ဖွင့်တဲ့ဆိုင်တွေမှာလည်း လူတွေကတန်းစီဝယ်နေတာ ကားတွေရော ဆိုင်ကယ်တွေရော ပုံးတွေနဲ့ရောပဲ။ "ဦးဖိုးထောင်" ဆိုင်မှာတော့ ဝယ်လို့ရသေးတယ်။ "ဝင်း"ကတော့ ပိတ်တော့မယ်ပြောတယ်။ မနက်က ဆီတစ်သောင်းဖိုးဝယ်တာ ၅လီတာကျော်ပဲ ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဓာတ်ဆီစျေးမှာ ယ‌နေ့စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းက တစ်လီတာလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရာက ညနေပိုင်းတွင် တစ်လီတာလျှင် ၁၇၅၀ ကျပ်နှုန်းအထိ ဈေးနှုန်းတက်သွားသည်ဟု ၎င်းကပြောသည်။

လပွတ္တာမြို့တွင်လည်း စက်သုံးဆီအရောင်းဆိုင်အချို့ပိတ်လိုက်ပြီးနောက် စက်လှေများနှင့် ကုန်တင်ယာဉ်အချို့ပါ အခက်အခဲဖြစ်ပေါ်နေသည်ဟု သိရသည်။

“ဒီမြို့မှာက ကမ်းနားဆိုင်တွေကလွဲပြီးတော့ "တော်ဝင်"တစ်ဆိုင်ရှိမယ်။ သုံးမိုင်က တစ်ဆိုင်ရှိမယ် ဒါပဲရှိတာလေ။ မြောင်းမြမှာ ဆိုင်ပိတ်တယ်လည်း ကြားရော အကုန်ပိတ်ချလိုက်တာ၊ မြို့တွင်းမှာ အကုန်စျေးတက်ပြီး ဆီကိုမှောင်ခိုဝယ်နေရတယ်။ ခရီးဝေးသွားတဲ့ ကားတွေကတော့ ပြသနာမရှိဘူး။ ရန်ကုန်ရောက်မှ ထည့်မယ်ဆိုပြီးရတယ်။ မြို့တွင်းက ကားတွေနဲ့ ဆိုင်ကယ်တွေကျတော့ အကုန်တိုင်ပတ်ကုန်ရော”ဟု လပွတ္တာဒေသခံတစ်ဦးကပြောသည်။

လပွတ္တာမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၁၇၀၀ကျပ်မှ ၁၈၀၀ ကျပ်ဈေးနှုန်းအထိ ပေါက်ဈေးရှိနေကြောင်း ၎င်းကပြောသည်။

အိမ်မဲမြို့နှင့် ဝါးခယ်မမြို့များတွင်လည်း အလားတူစက်သုံးဆီဆိုင်အချို့ ပိတ်လိုက်ရသည့် အခြေအနေမျိုး ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly