စပိန် ကနေရီကျွန်းစုမှာ ပေါက်ကွဲနေတဲ့ မီးတောင်မှ ချော်ရည်‌တွေ ပင်လယ်ထဲ ရောက်ရှိ

စပိန် ကနေရီကျွန်းစုမှာ ပေါက်ကွဲနေတဲ့ မီးတောင်မှ ချော်ရည်‌တွေ ပင်လယ်ထဲ ရောက်ရှိ
Photo - AFP

စက်တင်ဘာ ၂၉

စပိန်နိုင်ငံ ကနေရီကျွန်းစုမှာ ပေါက်ကွဲမှု ဖြစ်နေတဲ့ မီးတောင်တစ်ခုက ချော်ရည်တွေဟာ ယခုအခါ ပင်လယ်ထဲ ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်လို့ မီးတောင်ပညာရှင်တွေက ပြောပါတယ်။

ချော်ရည်ပူတွေ ပင်လယ်ရေနဲ့ ထိတွေ့ချိန်မှာ အဆိပ်သင့် ဓာတ်ငွေ့တွေ ဖြစ်ပေါ်ထုတ်လွှတ်နိုင်မှုနဲ့ပတ်သက်လို့လည်း စိုးရိမ်ပူပန်မှုတွေကိုလည်း တိုးမြင့်ဖြစ်ပေါ်စေလျက် ရှိပါတယ်။

စပိန် အာဏာပိုင်တွေကတော့ မီးတောင် ချော်ရည်တွေ အတ္တလန္တိတ် သမုဒ္ဒရာထဲ ဝင်ရောက်နိုင်ဖွယ် ရှိတဲ့ တည်နေရာဝန်းကျင် ရေမိုင် ၂ မိုင် ကန့်သတ်ဇုန်တစ်ခုအဖြစ် အစောပိုင်းက သတ်မှတ်ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေကိုလည်း နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။

“ချော်ရည်တွေက ပလေယာ နွီဗာမှာ ရှိတဲ့ ပင်လယ်ထဲအထိ ရောက်သွားပါပြီ” လို့ ကနေရီကျွန်းစု မီးတောင် အင်စတီကျူ့က ယမန်နေ့က တွစ်တာမှာ ရေးခဲ့ပါတယ်။

နေထိုင်သူ ၈၅,၀၀၀ လောက် ရှိတဲ့ လာပယ်လ်မာကျွန်းရဲ့ တောင်ပိုင်း တောင်ကြောတစ်ခုမှာ တည်ရှိတဲ့ ကမ်ဘရီ ဗီရေဂျာ မီးတောင်ဟာ စက်တင်ဘာ ၁၉ ရက်က ပေါက်ကွဲခဲ့ပြီး ချော်ရည်စီးကြောင်းတွေကို ဖြစ်ပေါ်စေခဲ့ပြီး ယင်းတို့ဟာ ပင်လယ်ဘက်ကို ဖြည်းဖြည်းချင်း ဦးတည် စီးကျလာခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ ပုံရိပ်တွေထဲမှာတော့ ချော်ရည်စီးကြောင်းတစ်ခုက ချောက်ကမ်းပါးတစ်ခုကနေ ပင်လယ်ရေထဲ သွယ်ဖြာစီးကျနေတာနဲ့ ကြီးမားတဲ့ မီးခိုးတွေ ထွက်ပေါ်နေတာကို တွေ့ခဲ့ရပါတယ်။

ချော်ရည်စီးကြောင်းက အမြင့် မီတာ ၅၀ (၁၆၄ ပေ) ရှိ ချော်ရည်နွံတစ်ခုကို ဖြစ်ပေါ်ထားစေခဲ့တယ်လို့လည်း စပိန် အဏ္ဏဝါဗေဒဆိုင်ရာ အင်စတီကျူ့မှ သုတေသီတွေက ပြောပါတယ်။

၁,၀၀၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၁,၈၀၀ ဒီဂရီ ဖာရင်ဟိုက်) ရှိ ချော်ရည်တွေနဲ့ ရေတို့အကြား ဓာတ်ပြုတုံ့ပြန်မှုကြောင့် ဖြစ်နိုင်ခြေရှိ အဆိပ်သင့်ဓာတ်ငွေ့ ထွက်ရှိလာမှုကနေ ထိခိုက်နိုင်မယ့်အရေး ရှောင်နိုင်အောင် ကမ်းရိုးတန်းအနီး ကျေးရွာတစ်ခုဖြစ်တဲ့ တာဇာကောတီရဲ့ ဒေသခံတွေကို နေအိမ်မှာပဲနေကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required