တောင်ကိုရီးယားတွင် တရုတ်ဆန့်ကျင်ရေး ခံစားချက်များ မြင့်တက်နေ

By IFFRAS
29 September 2021
တောင်ကိုရီးယားတွင် တရုတ်ဆန့်ကျင်ရေး ခံစားချက်များ မြင့်တက်နေ

တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် မိတ်ဖက်ဆက်ဆံရေး ပြန်လုပ်၍ အပြန်အလှန်အသိအမှတ်ပြုခဲ့ကြကာ ဆက်ဆံရေး တိုးမြှင့်ခဲ့ကြသည်။ နိုင်ငံရေးအရ နားလည်မှုကြောင့် စီးပွားရေးတိုးတက်စေရန် အပြန်အလှန်ကူညီခဲ့ကြသည်။ သို့သော် အတိတ်ကာလက မုန်းတီးမှုများနှင့် အရှေ့တရုတ်ပင်လယ်တွင် တရုတ်အစိုးရက ဗိုလ်ကျစိုးမိုးမှုတို့ကြောင့် ကိုရီးယားပြည်သူများအနေဖြင့် တရုတ်တို့နှင့် မည်သည့်အခါကမှ ဆက်ဆံရေးမကောင်းမွန်ခဲ့ပေ။ တရုတ်နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတစ်ရပ် အဖြစ် ကိုရီးယားတို့က မြင်နေသလို တရုတ်ဆန့်ကျင်ရေး ခံစားချက်များလည်း မကြာသေးမီက မြင့်တက်လာခဲ့သည်။ ယဉ်ကျေးမှုအရ မထေမဲ့မြင် ပြုလုပ်ခဲ့ရခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုစသည့် အကြောင်းများကြောင့် တရုတ်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသားတို့က တရုတ်အပေါ် အမျက်ဒေသ ဖြစ်ရသည့် မကြာသေးမီက အကြောင်းရင်းတစ်ခုမှာ ကိုရီးယားစစ်သည်တို့ကို မှေးမှိန်အောင်လုပ်ပြီး တော်ဝင်မိသားစုများကို မတိကျသော အချက်အလက်များနှင့် လှောင်ပြောင်ထားသည့် ဂျိုဆွန်းမြို့မှ ပယောဂဆရာ (Joseon Exorcist) သမိုင်းပြဇာတ်တစ်ခုကြောင့် ဖြစ်သည်။ The Sacrifice ရုပ်ရှင်တွင်လည်း ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲတွင် တရုတ်စစ်သားများက ကိုရီးယား စစ်သားတို့အား သတ်ဖြတ်ချေမှုန်းမှုကို ပြသထားသည်။ ကိုရီးယား စစ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အဆိုပါ ရုပ်ရှင်တွင် လှပစွာ တင်ဆက်ထားကြောင်း ပြည်သူများက ပြောကြားသည်။ အဆိုပါ ရုပ်ရှင်သည် တောင်ကိုရီးယားပြည်သူများကို အမျက်ဒေါသထွက်စေခဲ့သလို နိုင်ငံတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ပိုမိုမြင့်တက်စေခဲ့သည်။

ယခင်ကလည်း ကိုရီးယားတို့၏ အမွေအနှစ်များဖြစ်သော ကင်ချီ၊ ဂျင်ဆင်း ကြက်သားစွပ်ပြုတ် ဆန်ဂေတန်း၊ ရိုးရာဝတ်စုံ ဟန်းဘွတ်ခ်တို့သည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံခဲ့ကြောင်း တရုတ်မီဒီယာများ၊ သံတမန်များနှင့် လူမှုမီဒီယာအသုံးပြုသူများက ဖော်ပြလာသည်။

သမိုင်းမှားကို ဖော်ပြခြင်းနှင့် ယဉ်ကျေးမှုကို မထေမဲ့ပြင်ပြုခြင်းသည် ကိုရီးယားနိုင်ငံသားတို့ကို စိတ်ပျက်စေခဲ့သည်။ လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်ရှိုးပွဲများ၊ ကြေညာများကို သပိတ်မှောက်ခဲ့သလို တရုတ်မူဟန် ယဉ်ကျေးမှုပန်းခြံများနှင့် နိုင်ငံတွင်းရှိ ဟိုတယ်များကိုလည်း ဆန့်ကျင့်ကန့်ကွက်ခဲ့ကြသည်။ ဆေဂျွန်းတက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သူ လီမွန်ကီက “ကိုရီးယားတွေက မိမိတို့ရဲ့ ယဉ်ကျေးမှုဟာ ထူးခြားမှုရှိတယ်လို့ ယုံကြည်ထားပြီး တရုတ်ကို ဘယ်တုန်းကမှ မှီခိုမနေခဲ့ပါဘူး။ ဒါပေမယ့် တရုတ်ကတော့ ကိုရီးယားယဉ်မှုတွေဟာ တရုတ်ကလာတယ်လို့ ထင်နေပါတယ်” ဟု ပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံသား ၇၇ ရာခိုင်နှုန်းက တရုတ်တို့ကို မယုံကြည်ဘဲ နှစ်နိုင်ငံအကြား နယ်မြေပိုင်နက် အငြင်းပွားမှုအပေါ် စိုးရိမ်ကြောင်း Pew Research မှ ပြုလုပ်သည့် စစ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ဂျပန်နှင့် ဖိလစ်ပိုင်မှ ပြည်သူများကလည်း တရုတ်အပေါ် အလားတူ သဘောထားများ ရှိနေသည်။ ကိုရီးယား ဘုရင့်နိုင်ငံဖြစ်သော ဂိုဂူယောသည် တရုတ်သမိုင်း၏ အစိတ်အပိုင်းတစ်ခုတစ်ခုဖြစ်ကြောင်း တရုတ်တို့က သတ်မှတ်ထားခြင်းအပေါ် တောင်ကိုရီးယားတို့က စိတ်ပျက်လျက်ရှိသည်။ တောင်ကိုရီးယား၏ အင်္ဂလိပ်ဘာသာ သတင်းစာ Korea Heraldက “ဂိုဂူယောပြသနာသည် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးတွင် တာရှည်မည့် ကိစ္စဖြစ်ပြီး တောင်ကိုရီးယာတို့အနေဖြင့် တရုတ်ထက် အမေရိကန်ဘက်ကို ပိုမိုတိမ်းညွှတ်စေခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်နေသည်” ဟု ရေးသားထားသည်။

စီးပွားရေးအရ ဆက်ဆံမှု တိုးတက်နေသော်လည်း စိတ်မချခြင်းနှင့် မောက်မာခြင်း ခံရသည်ဟု ခံစားမှုတို့ကြောင့် တရုတ်အပေါ် မယုံကြည်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ “တောင်ကိုရီးယား လူငယ်တွေက တရုတ်ကို အာဏာရှင်နိုင်ငံလို သတ်မှတ်ထားသလို ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်သူတွေအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေကိုလည်း သိထားပါတယ်” ဟု ဟန်ယန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဌာန၏ ပါမောက္ခတစ်ဦးဖြစ်သူ ဂျိုးဇက်ယီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly