အီကွေဒေါအကျဉ်းထောင်မှာ ထောင်သားတွေချင်း လက်နက်ကိုင်တိုက်ပွဲဖြစ်၍ ၂၄ ဦး သေဆုံး 

အီကွေဒေါအကျဉ်းထောင်မှာ ထောင်သားတွေချင်း လက်နက်ကိုင်တိုက်ပွဲဖြစ်၍ ၂၄ ဦး သေဆုံး 
Photo - AFP

စက်တင်ဘာ ၂၉

အီကွေဒေါနိုင်ငံ ဂွာယာကွေးအရပ်က အကျဉ်းထောင်တစ်ထောင်မှာ အကျဉ်းသားတွေကြား သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ပွဲတစ်ရပ် ဖြစ်ပွားရာမှာ သေဆုံးသူ အနည်းဆုံး ၂၄ ဦး ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အမျိုးသား အကျဉ်းဦးစီးဌာန SNAI က ထုတ်ပြန်ချက်တစ်ရပ်မှာ အခု သေဆုံးနှုန်းကို အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာရသူဦးရေကို အရင်က ၄၂ ဦးကနေ ၄၈ ဦးရှိကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

သေဆုံးသူတွေဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာနဲ့ လက်ပစ်ဗုံးပေါက်ကွဲတာတွေကြောင့် ဖြစ်တယ်လို့ ဒေသရဲမှူး ဗိုလ်ချုပ်ကြီး ဖောက်စတိုဘီးနန်နိုက ပြောပါတယ်။ 

အကျဉ်းဦးစီးဌာနရဲ့ ကြေညာချက်ကို သမ္မတ ဂွီလာမို လာဆိုက တွစ်တာမှာ ပြန်တင်ပြီး ပြောကြားရာမှာ “အင်္ဂါနေ့က လက်တိုရယ် အကျဉ်းထောင်အတွင်း ပစ်ခတ်မှုအပြီး အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ပါပြီ”လို့ ဆိုထားပါတယ်။ 

အီကွေဒေါက အကျဉ်းထောင်တွေဟာ အဓိကအားဖြင့် ဆီနာလိုယာနဲ့ ဂျာလီစကိုနယူးဂျင်နရေးရှင်း မူးယစ်ဆေးဝါးကုန်သည်တွေ အပါအဝင် မက္ကဆီကိုမူးယစ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ အကျဉ်းသားတွေကြားမှာ တိုက်ပွဲမြေပြင်လို ဖြစ်လာနေတာပါ။ 

ဂွာယာကွေးမြို့ဟာ အီကွေဒေါရဲ့ ပင်မဆိပ်ကမ်းမြို့ဖြစ်ပြီး တောင်အမေရိကက ကိုကင်းတွေကို အဓိကအားဖြင့် အမေရိကန်နိုင်ငံအပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းဆီ ကုန်ကူးရာမှာ အဓိကအချက်အခြာကျရာလည်း ဖြစ်ပါတယ်။ 

ဂွာယာကွေးအကျဉ်းထောင်တွေထဲက ထောင်တစ်ခုမှာ ပစ္စတိုနှစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ကျဉ်ဆန် အတောင့် ၅၀၀ နီးပါး၊ လက်ပစ်ဗုံးတစ်လုံး၊ ဓားအချို့ရယ်၊ ဒိုင်းနမိုက်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရဲက သိမ်းဆည်းရမိခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်မှာလည်း နိုင်ငံတကာ မူးယစ်ဂိုဏ်းတွေကြား စစ်ပွဲတစ်စိတ်တစ်ပိုင်းအဖြစ် ဂွာယာကွေးက အကျဉ်းထောင် အမှတ် ၄ ကို ဒရုန်းယာဉ်နဲ့ တိုက်ခိုက်တာ ခံခဲ့ရကြောင်း အကျဉ်းဦးစီးအာဏာပိုင်တွေက ပြောပါတယ်။ ဒီ တိုက်ခိုက်မှုမှာတော့ အသေအပျောက် မရှိခဲ့ပါတယ်။ 

အီကွေဒေါရဲ့ အကျဉ်းထောင်စနစ်မှာ အကျဉ်းသား ၂၉၀၀၀ အတွက် ထောင် ၆၀ ခန့် ထားရှိထားတာ ဖြစ်ပေမယ့် လူပြည့်သိပ်တာနဲ့ ဝန်ထမ်းအင်အား မမျှတာတွေ ဝန်ပိနေတာပဲ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်တစ်နှစ်ထဲမှာ အကျဉ်းထောင်အတွင်း လူပေါင်း ၁၀၃ ဦး သတ်ဖြတ်ခံရကြောင်း နိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစိုးရဌာနများအား စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ 

ဇူလိုင်လအတွင်းက အကျဉ်းထောင်နှစ်ခုမှာ ထောင်ဆူပူအုံကြွမှုဖြစ်ပြီး အကျဉ်းသား ၂၇ ဦး သေဆုံးခဲ့ပါတယ်။ ဒီ ထောင်ဆူမှုကြောင့် အစိုးရဟာ အရေးပေါ် အခြေအနေ ကြေညာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly