နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရဲမှူးချုပ် ဇော်မိုးသန်း ဘယ်ရောက်နေလဲ

By သိန်းတန်(ဒေါနမြေ)
27 September 2021
နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရဲမှူးချုပ် ဇော်မိုးသန်း ဘယ်ရောက်နေလဲ

နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရဲမှူးချုပ်ဇော်မိုးသန်း ဘယ်ရောက်နေလဲ

ရဲမှူးချုပ်ဇော်မိုးသန်းဟူသည့် အမည်ကို စာဖတ်သူကြားဖူးနားဝ ရှိပါသလား။

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် လေးလခန့်အလိုက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရွေးကောက်ပွဲအကြို ရင်ခုန်သံများသာ မိုးလုံးညံနေစဉ် ရဲမှူးချုပ် ဇော်မိုးသန်းဆိုသော အမည်က ကြားဖြတ် အရေးကြီးသတင်းအလား ပွက်လော ရိုက်ခဲ့ဖူးသည်။

ရဲမှူးချုပ် ဇော်မိုးသန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခေါင်ချုပ် အဆင့်မြင့်အရာရှိထဲက တစ်ဦး။ မြန်မာတစ်နိုင်ငံလုံးမှ ရဲတပ်ဖွဲ့ဝင်များ၏ ရာထူးအပြောင်းအရွှေ့ နေရာချထားရေး ကိစ္စရပ်များကို စီမံခန့်ခွဲရသည့် ရဲရာထူးခန့်ချုပ်ဖြစ်သည်။ အဆိုပါ ရဲရာထူးခန့်ချုပ် ရဲမှုးချုပ် ဇော်မိုးသန်းက ၎င်း၏ လက်အောက်ငယ်သား ရဲမေအချို့အား ရာထူးတိုးပေးမည့် မက်လုံးဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည်ဟု တိုင်ကြားခံရကာ ရဲတရားရုံးက စစ်ဆေးပြီးနောက် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းက ရာထူးမှဖြုတ်ချခံရပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

ရာထူးတိုးပေးမည်ဟု မက်လုံးကြောင့် နှစ်ဦးသဘောတူ လိင်ပိုင်းဆိုင်ရာ ငြိစွန်းနေသည့် ရဲမေက ရဲမှုးချုပ် ဇော်မိုးသန်းသည် သူ့အား ရာထူးတိုးမပေးဘဲ နောက်ရဲမေတစ်ဦးကို ရာထူးတိုးပေးသည်ကို မကျေနပ်၍ ပြည်ထဲရေးဝန်ကြီးဆီသို့ ဗီဒီယိုဖိုင်အထောက်အထားများဖြင့် တိုက်ရိုက် တိုင်ကြားခဲ့ခြင်းဟု တာဝန်ထမ်းဆောင်နေဆဲဖြစ်သော အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့အသိုင်းအဝိုင်းတွင်သာမက မြန်မာ့လူ့အဖွဲ့အစည်းတွင်ပါ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ "ဘုရင်ခေတ်ကလို တောင်နန်းစံ၊ မြောက်နန်းစံ အဝေမတည့်သလိုပေါ့"ဟု အမည်မဖော်လိုသော အမျိုးသမီးရဲမေတစ်ဦးက ရယ်ရင်း ပြောသည်။

ပွင့်လင်းမြင်သာခဲ့သော ဒီမိုကရေစီအစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် ယင်းအမှုသည် သတင်းမီဒီယာအား၊ လူမှုကွန်ရက် စွမ်းပကားများကြောင့် ဖုံးဖိမရခဲ့ဘဲ တိုင်းနေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောရေးဆိုခွင့်ရှိသူနှင့် ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့ရသည်။ ရဲမှူးချုပ် ဇော်မိုးသန်းကို ထောင်ဒဏ်(၃)နှစ်ချလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၂၀ ဇူလိုင် ၁၇ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများအား ဖြေကြားခဲ့သည်။

"ရဲမှာ တပ်မတော်အသွင်ပြောင်းတွေက လာမိုးထားတယ်။ သူတို့က အချင်းချင်း လက်ဖဝါးချင်းရိုက်ပြီး ကိုယ့်လူကိုယ် ဝါးရင်းတုတ်နဲ့ ရိုက်ရမဲ့နေရာမှာ ဖော့တုံးနဲ့ ရိုက်နေတယ်"

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၃(က)တွင် စစ်ဆေးခံရသူသည် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက (၃)နှစ်ထက် မပိုသော ထောင်ဒဏ်၊ ၃၃(ခ)တွင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည့်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ပုဒ်မ ၃၃(က)တွင် ဖော်ပြထားသော ပြစ်ဒဏ်ချမှတ်ခံရပါက ၃၃(ခ)တွင်ပါသော ပြစ်ဒဏ်ကိုပါ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ရဲမှူးချုပ် ဇော်မိုးသန်းအား ရာထူးမှပါ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ် (၃)နှစ်ချမှတ်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးကိုယ်တိုင်က ၂၀၂၀ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည့် ရဲမှူးချုပ် ဇော်မိုးသန်းသည် ယခုအခါ ပြန်လည်လွတ်မြောက်နေပြီဟု တာဝန်ထမ်းဆောင်နေဆဲ ရဲအရာရှိကြီးအချို့က ထုတ်ဖော်ပြောဆိုလာသည်။

"ကိုဇော်မိုးသန်း ပြန်လွတ်နေပြီ။ ကြာလှပြီ"

အမည်မဖော်လိုသည့် အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးထံမှ အထက်ပါအတိုင်း သတင်းရရှိသည်။ ရဲမှူးချုပ် ဇော်မိုးသန်းအား ထောင်ဒဏ်ချမှတ်လိုက်ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု ရဲတပ်ဖွဲ့က သတင်းမီဒီယာများထံ တရားဝင်ထုတ်ပြန်သည့်နေ့က ၂၀၂၀ ဇူလိုင် ၃ ရက်နေ့ဖြစ်သည်။ ပြန်လွတ်နေသည်မှာ အနည်းဆုံး ခြောက်လနီးပါးကြာပြီဟု ယင်းသတင်းကို သိသည့် ရဲအရာရှိကြီးတစ်ဦးက သတင်းစကားပါးသည်။

ရဲမှူးချုပ် ဇော်မိုးသန်းကို ထောင်ဒဏ်ချလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်ပြီး လအနည်းငယ်အကြာတွင် ပြင်ပသို့ ရောက်နေသည်ဆိုသော သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထိပ်ပိုင်းနေရာများတွင် စစ်တပ်မှ အစဉ်အဆက် အသွင်ပြောင်းလာခဲ့သည့် မိုးကျရွှေကိုယ်များသာ ကြီးစိုးထားပြီး ယခုဖြစ်စဉ်မှာလည်း မိုးကျရွှေကိုယ်အချင်းချင်း လက်သိပ်ထိုး၍ လူမသိသူမသိ ပြန်လွှတ်‌ပေးလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အသိုင်းဝိုင်းက မှတ်ချက်ပြုသည်။

စစ်တပ်မှ အသွင်ပြောင်း မိုးကျရွှေကိုယ်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကြီးစိုးခြယ်လှယ်နေပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို လိုရာဆွဲ၍ အသုံးချနေကြသည်ဟု တာဝန်ထမ်းဆောင်နေဆဲ အမည်မဖော်လိုသည့် ရဲအရာရှိ အချို့က ထုတ်ဖော်ပြောကြားလာသည်။

"ရဲမှာ တပ်မတော်အသွင်ပြောင်းတွေက လာမိုးထားတယ်။ သူတို့က အချင်းချင်း လက်ဖဝါးချင်းရိုက်ပြီး ကိုယ့်လူကိုယ် ဝါးရင်းတုတ်နဲ့ ရိုက်ရမဲ့နေရာမှာ ဖော့တုံးနဲ့ ရိုက်နေတယ်"ဟု အရာရှိအဆင့် ရဲမေတစ်ဉီးက ပြောပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လို‌သော ရဲအရာရှိ တစ်ဦးကလည်း " Law (ဥပဒေ) က‌တော့ ပြဌာန်းထားတာ၊ ဒါပဲ။ တစ်ခွန်းပဲ ပြောလိုက်မယ်။ အစ်ကိုကြီး ညီလေးပဲ ပြောလိုက်မယ်။ ပြီးပြီ"ဟု ပြောသည်။

ရဲမှူးချုပ် ဇော်မိုးသန်း ဖမ်းဆီးစစ်ဆေးခံနေရစဉ်ကာလက ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် စတင်တာဝန်ထမ်းဆောင်နေသည့် ကာလဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိသည်ဟု သတင်းထွက်ပေါခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် စစ်တပ်က အစားထိုးလိုက်သူဖြစ်သည်။ ၎င်း၏ လက်ထက်တွင် ရထားရဲတပ်ဖွဲ့မှူး ယာယီရဲမူးချုပ် မိုးသန်း‌အောင်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ဇော်ခင်အောင်ကိုလည်း တပ်ဖွဲ့တွင်း ငွေကြေးအရှုပ်အရှင်း ပြဿနာများဖြင့် စစ်ဆေးအရေးယူခဲ့သည်။

ရဲတပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို အရေးယူခဲ့သည့် ယင်းကာလက ရဲမှူးချုပ် မိုးသန်း‌အောင်နှင့် ရဲမှူးချုပ် ဇော်ခင်အောင် သတင်းထက် လူမှုကွန်ရက်၌ ဟိုးလေးတကျော်ကျော်ရှိခဲ့သည့် ရဲမှူးချုပ် ဇော်မိုးသန်း၏ သတင်းကိုသာ လူ့အဖွဲ့အစည်းက စိတ်ဝင်တစားရှိခဲ့ကြသည်။

ရဲမှူးချုပ် ဇော်မိုးသန်း ဖမ်းဆီးစစ်ဆေးခံနေရစဉ်ကာလကလည်း စစ်တပ်အတွင်းမှ ၎င်း၏ တပည့်တပန်းများက သတင်းမီဒီယာအချို့အား လိုက်လံ ချိတ်ဆက်ကာ သူတို့၏ အဘဆရာရဲမှူးချုပ် ဇော်မိုးသန်းသည် စွပ်စွဲခံရခြင်းသာဖြစ်‌‌ကြောင်း လိုက်လံရှင်းပြပြီး အပြစ်လျော့ပေါ့ရေး ကြိုးစားခဲ့ဖူးသည်။

ရဲမေ ၁၈ ဦးကို ခြေတော်တင်ခဲ့သည့် ရဲမှုးချုပ်ဟုဆိုကာ လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့ရာ ၎င်းတို့၏ အဘဆရာသည် ယင်းကဲ့သို့ မဆိုးရွားကြောင်း တပည့်တပန်းများက သတင်းမီဒီယာအချို့ထံ ချိတ်ဆက် ရေးသားစေခဲ့ဖူးသည်။ ထို့အပြင် ရဲမှူးချုပ်ဇော်မိုးသန်းသည် စိတ်‌ဝေဒနာရှင်ဖြစ်၍ ရဲမေများအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မိခဲ့သည်ဟု ဝန်ခံကြောင်း သတင်းအမှားများကိုလည်း ပရိုဖိုင်အမှန်မဖော်ပြသော ဖေ့ဘွတ်အကောင့်အချို့က ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့သည်ဟု Myanmar Now နှင့် မဇ္ဈိမကဲ့သို့ သတင်းဌာနကြီးများက လူထုအား အသိပေးခဲ့ဖူးသည်။

နာမည်ကြီး စာရေးဆရာ မင်းဒင်ကလည်း ရဲချုပ် အောင်ဝင်းဦးနှင့် သူငယ်ချင်းဖြစ်သော ရဲမှူးချုပ်ဇော်မိုးသန်း၏ ပြစ်မှုအား စစ်တပ်မှအသွင်ပြောင်း မိုးကျရွှေကိုယ်အုပ်စုက ဖားထေးပေးမည့် အခြေအနေကို‌ ဆောင်းပါးတစ်ပုဒ်ရေးကာ နိုင်ငံတော်လူကြီးများထံ ကြိုတင်သတိပေးခဲ့ဖူးသည်။

"သူ(ရဲမှူးချုပ် ဇော်မိုးသန်း)ကလည်း စစ်တက္ကသိုလ်အပါတ်စဉ် (၂၇) ဆင်းဖြစ်ပြီး ရဲချုပ် ကိုအောင်ဝင်းဉီးက စစ်တက္ကသိုလ် အပါတ်စဉ် (၂၆) ဆိုတော့ ဘော်ဒါတွေဖြစ်တဲ့အတွက် ဒီလိုနဲ့ပြီးသွားမှာကို ကောင်မလေး (တိုင်ကြားသူ ရဲမေ) မိဘတွေက စိုးရိမ်နေကြပါတယ်။ နိုင်ငံတော်ကနေပြီး ရဲမှူးချုပ် ဇော်မိုးသန်း ထိုက်သင့်တဲ့ပြစ်ဒဏ်ရအောင် ဆောင်ရွက်ပေးဘို့ တောင်းဆိုပါတယ်" ဟု ၂၀၂၀ ဇူလိုင်လအတွင်းက ရေးသားခဲ့သည်။

ရဲမှူးချုပ် ဇော်မိုးသန်းသည် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းအတွင်း အလုပ်ကို တိတိကျကျ လုပ်တတ်သူဟု နာမည်ကြီးသလို မောက်မာသူအဖြစ်လည်း လူပြောများသည်။ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လအနည်းငယ်အကြာတွင် ပြင်ပသို့ ပြန်ရောက်နေခြင်းမှာ ပြစ်ဒဏ်အတွက် အယူခံဝင်၍လား၊ အသနားခံတင်၍လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးကပြောသည်။ ထို့အပြင် ဖြစ်နိုင်ခြေနောက်တစ်ခုမှာ နိုင်ငံတော်က အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာပေးတိုင်း ထောင်ဒဏ် လျှော့ရက်ရကာ ပြန်လွတ်မြောက်လာခြင်းဟု သုံးသပ်သည်။ စစ်ကောင်စီနှင့် လက်ရှိ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူများထံသို့မူ အသေးစိတ်မေးခွင့် မရခဲ့ပေ။

ရဲမှူးချုပ်ဇော် မိုးသန်းနှင့်အတူ မရှေးမနှောင်းကာလတွင် အရေးယူခံရသည့် ယာယီရဲမှူးချုပ် မိုးသန်း‌အောင်သည် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသော်လည်း အယူခံဝင်ခဲ့ရာ ထောင်ဒဏ်ခြောက်လသို့ လျှော့ပေါ့ပေးခဲ့သည်ဟု သတင်းများ ထွက်ပေါခဲ့ဖူးသည်။

စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်က အတည်ပြုခဲ့သော ပြည်သူ့ရဲတပ်ဖွဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပါ ပြဌာန်းချက်များအတိုင်း သုံးနှစ်ကြာ ထောင်နန်းစံရမည့် ရဲမှူးချုပ်ဇော်မိုးသန်းသည် လအနည်းငယ်အကြာတွင် ပြန်လည်လွတ်မြောက်နေခြင်းသည် ရဲတပ်ဖွဲ့အတွင်း စစ်တပ်အသွင်ပြောင်းများ ခြယ်လှယ်နေမှု၏ မြင်သာသော ဗရမ်းပတာဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း၊ မိုးကျရွှေကိုယ်များ၏ စနက်ကြောင့် ရဲတပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်သိက္ခာ ချွတ်ခြုံကျနေရသည်ဟု ယနေ့ခေတ်ကာလကြုံတွေ့နေရသော ကျဉ်းထဲကျပ်ထဲရောက် အခြေအနေများနှင့် ဥပမာပေး၍ ရဲတပ်ဖွဲ့ဝင်အချို့က ရင်ဖွင့်သည်။

"ရဲနဲ့ပြည်သူ အမြဲကြည်ဖြူဆိုတာက ရှိပြီးသား။ အခုက‌တော့ ဘယ်လိုတွေ ဖြစ်ပျက်ကုန်တယ်ဆိုတာ သိပြီးသား မဟုတ်လား"

တပ်ပြောင်းမဟုတ်သော ရဲစစ်စစ် ရဲအရာရှိတစ်ဦးက အထက်ပါအတိုင်း ပြောရင်း မေးခွန်းထုတ်သည်။ (စစ်ကောင်စီက အာဏာသိမ်းပြီး လူထုအား အကြမ်းဖက်နှိပ်နင်းရာတွင် ရဲတပ်ဖွဲ့ဝင်များအား စေခိုင်းသည်ကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်)

စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပြုလုပ်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူး တင်မင်းထွန်းက စစ်တပ်သည် ရဲတပ်ဖွဲ့အား လိုသလို ပုံသွင်း အသုံးချနေသည်ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဒေါက်တိုင်များထဲမှ တစ်ခုဖြစ်သော ရဲချုပ် ခင်ရီလက်ထက်မှစကာ ပျက်ဆီးခဲ့သည်ဟု ၈၈ အရေးအခင်းကာလ အလွန်တွင်မှ ရဲတပ်ဖွဲ့ထဲ ရောက်လာခဲ့သည့် ရဲအရာရှိတစ်ဦးက ဆိုသည်။

" ရဲချုပ် ခင်ရီလက်ထက်မှာ စပျက်တာပဲ။ သူနဲ့ခင်တယ်၊ သူ့ကို လုပ်ကျွေးတယ်ဆိုရင် အဲ့လူဟာ သူအတွက် Very Good (အရမ်းကောင်း) ပဲ။ Good Person (လူကောင်း) ပဲ"

ဆက်လက်၍ ၎င်းက "တပ်က ဝင်လာသူတွေကြောင့် ရဲတပ်ဖွဲ့ပျက်တာ။ ဆရာ တပည့်မွေးတယ်။ သူ့လူငါ့ဘက်သားမွေးတယ်။ ကိုယ်ကျိုးရှာတယ်။ ရဲထဲ ရောက်လာပြီးမှ စီးပွားဖြစ်ရှာကြတယ်။ အဲဒါကြောင့်ရဲတပ်ဖွဲ့က ပျက်တာ"ဟု ‌ဒေါသတကြီးထုတ်ပြောလာသည်။

ရဲချုပ် ခင်ရီသည် စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်ရှေ့ပိုင်းကာလက တပ်မတော်တွင် ဗိုလ်မှုးချုပ်တာဝန်ယူထားရာမှ မြန်မာနိုင်ငံရပ်တပ်ဖွဲ့တွင် ရဲချုပ်အဖြစ် အသွင်ပြောင်းခဲ့သည်။ ထို့နောက် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အရပ်သားဝန်ကြီးအဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ကြီးတာဝန်ယူခဲ့ပြန်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ရာထူးလက်မဲ့ဖြစ်ခဲ့ရာမှ ယခုအခါ စစ်ကောင်စီက လဝကဝန်ကြီးတာဝန် ထပ်မံပေးအပ်ထားပြန်သည်။

ရဲမှူးချုပ် ဇော်မိုးသန်းမှာလည်း ရဲတပ်ဖွဲ့သို့ စစ်တပ်မှ ပြောင်းလာသူဖြစ်သည်။ မူလက ရဲလေ့ကျင့်ရေးအရာရှိချုပ် တာဝန်ယူခဲ့သည်။ ထို့နောက်ပိုင်းတွင် ရဲရာထူးခန့်ချုပ်ဖြစ်လာစဉ် တိုင်းကျော်ပြည်ကျော် လိင်အရှုပ်အထွေးပြဿနာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းအား အရေးယူပြီးနောက် ရဲမှူးချုပ် အောင်အောင်အား ရဲရာထူးခန့်ချုပ်အဖြစ် ပြည်ထဲရေးဝန်ကြီးက တာဝန်‌ပေးခဲ့သည်။

ရဲမှူးချုပ် အောင်အောင်သည် ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်(၁) ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူထားသည်။ လက်ရှိဖွဲ့စည်းပုံအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်၊ ရဲချုပ်(၁)နှင့် ရဲချုပ်(၂)ဟူ၍ ဖွဲ့စည်းထားသည်။ ရဲတပ်ဖွဲ့၏ ထိပ်ပိုင်းရာထူးများဖြစ်သည့် ရဲချုပ်၊ ရဲမှူးချုပ်များနှင့် ရဲမှူးကြီးများ အရေအတွက်၏ ကိုးဆယ်ရာခိုင်နှုန်းကျော်သည် စစ်တပ်မှ ပြောင်းလာသည့် မိုးကျရွှေကိုယ်များသာဖြစ်သည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဆိုသည်။

ရဲတပ်ဖွဲ့အား စစ်တပ်အသွင်ပြောင်းများ အုပ်စိုးနေသည့် နောက်ဆက်တွဲ ပြဿနာများကြောင့် တပ်ဖွဲ့တွင်း အဂတိလှုပ်စားမှုသည် ဆိုးရွားနေပြီး ရဲတပ်ဖွဲ့တွင်း အတွင်းလှိုက်စားနေသည့် ‌ဖရောင်းတိုင်တစ်တိုင်ကဲ့သို့ နောင်အနာဂတ်၌ လုံးပါးပါးစရာဖြစ်ရပ်များရှိနေသည်ဟု ညည်းတွားကြသည်။

ရဲမှူးချုပ် ဇော်မိုးသန်းဖြစ်ရပ်ကို ရဲစည်းကမ်းဥပဒေအရသာ စစ်ဆေးအရေးယူသဖြင့် ယင်းဥပဒေ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် သုံးနှစ်ကိုသာ ချမှတ်နိုင်ခြင်းဖြစ်ကာ သာမန်အရပ်သားက ယင်းသို့ ပြစ်မှုကျူးလွန်လျှင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၇၆အရ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူအချို့က ထောက်ပြ ပြောဆိုခဲ့ကြသည်။

တိုင်းနှင့် ပြည်နယ်တစ်ခုတွင် တပ်ဖွဲ့မှူးတာဝန်ကို ငါးနှစ်နီးပါးထမ်းဆောင်ခဲ့သည့် အငြိမ်းစား ရဲမှုးကြီးတစ်ဦး၏ စစ်တပ်မှ ရဲဘက်သို့ အသွင်ပြောင်းလာသည့် ထိပ်ပိုင်းအရာရှိကြီးများက ဖိအားပေးသည့် ပြဿနာအား ဖြေရှင်းပုံမှာ သူ့အတွက် ငိုအားထက်ရယ်အားသန်သလို ရဲတပ်ဖွဲ့အတွင်း အဂတိလှိုက်စားမှု ဆိုးရွားနေပုံကိုလည်း ပြသနေသည်ဟု ကာယကံရှင်ရဲမှူးကြီးက‌ ဆိုသည်။

ရုံးဌာနများကြား ဂွင်ကောင်းသည်ဟု နာမည်ကြီးသည့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်လိုသည့် စစ်တပ်အသွင်ပြောင်း ရဲအရာရှိအချို့က ၎င်းတို့၏ အဘဆရာဆိုသူများမှတဆင့် အချိတ်အဆက်လုပ်ပြီး နေရာကောင်း‌ကောင်း ရရေးအတွက် အထက်ပါရဲမှုးကြီးထံ တောင်းဆိုကြသည်။ အဘဆရာဆိုသည့် အထက်အဆင့်အရာရှိကြီးက ၎င်း၏တပည့်အား နေရာကောင်းကောင်းပေးရန် ရဲမှူးကြီးအား ဖိအားပေးလာသည်။ ဖိအားပေးလာသည့် အထက်အရာရှိ သုံးဦး လေးဦး ရှိလာချိန်တွင် မဲနှိုက်၍ ကျရာနေရာယူရန် ဖြေရှင်းပေးခဲ့ရဖူးသည်ဟု ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ လူမမြင်သော အထက်ပါ ပြဿနာများအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် လူထုနှင့် ထိပ်တိုက် တွေ့နေရသည့် ရဲတပ်ဖွဲ့အတွက် အလွန်ဝမ်းနည်းရသည်ဟု ရင်ဖွင့်သည်။

"ပြည်သူ အမြင်ကြည်အောင် ကျနော်တို့ လုပ်ခဲ့တာတွေအတွက် နှမြောတာပေါ့ဗျာ" ဟု ရဲတပ်ဖွဲ့တွင် နှစ်၂၀ ခန့်အကြာ ဖြတ်သန်းခဲ့သည့် အတိတ်ကာလကို ရည်ရွယ်ရင်ဖွင့်သည်။

ရာထူးမှ ထုတ်ပယ်ကာ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်၍ အရပ်သားဖြစ်သွားပြီးဖြစ်သော ရဲမှုးချုပ်ဇော်မိုးသန်းသည် ယခုအခါ မည်သည့်‌နေရာတွင် နေထိုင်သည်ကို မသိတော့ဟု ၎င်းနှင့်အတူ အလုပ်လုပ်ဖူးသည့် ရဲအရာရှိကြီး အချို့က ပြောသည်။ ၎င်းသည် အလွန်တရာချမ်းသာကြွယ်ဝသူဖြစ်၍ လူကုန်ထံ အသိုင်းအဝိုင်းတွင် သက်တောင့်သက်သာဖြင့် ကိုယ်ယောင်ဖျောက်နေနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required