ဒေဝါလီခံထားသည့် တရုတ်စီးပွားရေး လုပ်ငန်းမှ အရာရှိများကို ရဲများ ဖမ်းဆီး

ဒေဝါလီခံထားသည့် တရုတ်စီးပွားရေး လုပ်ငန်းမှ အရာရှိများကို ရဲများ ဖမ်းဆီး

အကြွေး ဒေါ်လာဘီလျံ ၉၀ အထိ မြင့်တက်သွားသောကြောင့် ယခုနှစ်အစောပိုင်းတွင် ပြိုလဲကာ ဒေဝါလီခံခဲ့ရသည့် တရုတ်နိုင်ငံမှ HNA Group စီးပွားရေးကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိ ၂ ဦးနှင့် ထူထောင်သူများကို ရဲများက ဖမ်းဆီးသွားကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။

ချေးယူထားသည့် ငွေအမြောက်အများဖြင့် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးကို တိုးတက်အောင် ကူညီပေးခဲ့သည့် ကုမ္ပဏီများသည် ယခုအခါ အကြွေးနွံနစ်သွားပြီး ယင်းကုမ္ပဏီများကို တရုတ်အာဏာပိုင်များက ပစ်မှတ်ထား နှိပ်ကွပ်မှုများ လုပ်ဆောင်နေချိန်တွင် ယခုဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

HNA ၏ ဥက္ကဌဖြစ်သူ ချန်ဖန်းနှင့် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တန်ရှန်ဒေါင်းတို့ကို HNA ရုံးချုပ်ရှိရာ ဟိုင်နန် ပြည်နယ်တွင် ဒုစရိုက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲကာ စက်တင်ဘာ ၂၄ ရက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ ၂ ဦးကို မည်သည့် ပုဒ်မများဖြင့် အရေးယူထားသည်ကို မသိရသေးပေ။

Hainan Airlines ဖြင့် စီးပွားရေး စတင်ခဲ့သော အဆိုပါ ကုမ္ပဏီသည် Hilton ဟိုတယ်လုပ်ငန်း၊ နယ်သာလန် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစု TIP Trailer Services နှင့် Deutsche Bank ကဲ့သို့ ကမ္ဘာ့ကုမ္ပဏီများတွင် ရှယ်ယာအများအပြားကို ဝယ်ယူခြင်းနှင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်။

သို့သော် ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံတွင်ရှိသည့် ၎င်းတို့၏ ပိုင်ဆိုင်မှုများထက် အကြွေးများကို ပိုမိုယူကာ လုပ်ငန်းများကို တိုးချဲ့ခဲ့ခြင်း ဖြစ်သောကြောင့် တရုတ်အစိုးရ စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့သည်။

ဇန်နဝါရီလအတွင်းက ကုမ္ပဏီအား ငွေထုတ်ချုပ်ထားသူများက ကြွေးသိမ်းမည့်အစီအစဉ်များကို စတင် လုပ်ဆောင်ခဲ့သည်။ ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာဘီလျံများကို အလွဲသုံးစား လုပ်ထားသည်ကို တွေ့ရကြောင်း HNA ၏ ကုမ္ပဏီခွဲများက ရက်အနည်းငယ်အကြာတွင် ထုတ်ပြန်ခဲ့သည်။

HNA ကုမ္ပဏီအား သီးခြားလုပ်ငန်းကဏ္ဍ ၄ ခုအဖြစ် ပြန်လည်ဖွဲ့စည်းကာ ၎င်း၏ ယခင်အစုရှယ်ယာရှင်ဟောင်း များ၏ ရှယ်ယာများကို ဖျက်သိမ်းပစ်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကြေညာခဲ့သည်။

အမှုဆောင်အရာရှိ ၂ ဦးကို ဖမ်းဆီးမှု မတိုင်မီက တရုတ်နိုင်ငံ၏ အရက်ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်သော Kweichow Moutai Group ၏ ဥက္ကဌဟောင်းဖြစ်သူ ယွမ်ရန်ဂိုကို ဒေါ်လာ ၁၇သန်းကျော် လာဘ်စားမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက စက်တင်ဘာ ၂၄ ရက် အစောပိုင်းတွင် ဖော်ပြခဲ့သည်။

တရုတ်အစိုးရအနေဖြင့် နိုင်ငံအတွင်း အကြွေးနှင့် လုပ်ကိုင်နေသည့် လုပ်ငန်းအများအတွက် စိုးရိမ်မှုမရှိဘဲ အိမ်ယာတည်ဆောက်ရေး လုပ်ငန်း Evergrande Groupကဲ့သို့ ချေးငွေအပေါ်တွင် မှီခိုနေသည့် ကုမ္ပဏီများနှင့် ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

တရုတ်အစိုးရက Evergrande ငွေကြေးထောက်ပံ့မည် သို့မဟုတ် ဒေါ်လာ ၃၀၀ ဘီလျံကျော် အကြွေးများကို ယခုအတိုင်း ထားရှိမည်ဆိုသည်ကို မသိရှိရသေးပေ။ အဆိုပါ ကုမ္ပဏီသည်လည်း HNA ကဲ့သို့ပင် လုပ်ငန်းများကို အလွန်အကျွံ တိုးချဲ့ရင်း အကြွေးနွံနစ်ခဲ့ရခြင်း ဖြစ်သည်။

ပြည်တွင်းမှ ငွေချေးစာချုပ် ဝယ်ယူထားသူများအတွက် ကနဦးပေးရမည့် အတိုးများကို ပေးရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း Evergrande က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသော်လည်း နိုင်ငံတကာမှ အကြွေးရှင်များအတွက် ပေးဆပ်ရန် ပြောဆိုခြင်းမရှိသေးကြောင်း အကြွေးမရသေးသူများက ပြောကြားသည်။

ကြွေးရှင်များက အရေးယူမှုများ မလုပ်ဆောင်မီ ကုမ္ပဏီက နောက်ကျနေသည့် ငွေများကို ပေးဆပ်ရန် ရက် ၃၀ အချိန်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly