မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်စွဲထားခြင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး

မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်စွဲထားခြင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး

မတူပီ၊စက်တင်ဘာ-၂၇

ချင်းပြည်နယ်၊ မတူပီမြို့နယ် ငလိုင်ကျေးရွာအနီးရှိ ဆောက်လက်စ ခရိုင်ရုံး နေရာတွင် စစ်ကောင်စီတပ်များ လာရောက်တပ်စွဲထားခြင်းကြောင့် ငလိုင် ကျေးရွာအတွင်းမှ ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများမှအပ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ငလိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၃ ရက် ညနေ ၂ နာရီခန့်က CDF-မတူပီနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာထဲရှိလူတချို့ ထွက်ပြေး ခဲ့ကြပြီး ယခုအခါ ငလိုင်တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

''ကျွန်တော်တို့ တစ်ရွာလုံးနီးပါးပြောင်းကြတာ ။ အနီးအနားကရွာတွေဘက်ကို ပြေးကြတာ ၊အခု ရွာထဲမှာ ပစ္စည်းတွေကျန်နေလို့ ပြန်လာသယ်တာ။ ဘာလို့ ပြေးလဲဆိုရင် ပြီးခဲ့တဲ့ ၂၃ရက်မှာ တိုက်ပွဲဖြစ်တယ်။ တစ်ခါမှမကြုံဖူးဘူးလေ ။ သေနတ်တွေပစ်ကြတယ်။ ပြီးတော့ နှစ်ညရှိပြီ ခရိုင်ရုံးအဆောက်အအုံတွေမှာ စစ်တပ်ကလာပြီးတပ်စွဲကြတယ်။ ဒီတော့ တိုက်ပွဲဖြစ်ရင် တစ်ရွာလုံးလက်နက် ကြီးကျည်ထိမှာစိုးကြလို့ ပြေးရတာ။ ထန်တလန်ဆိုလည်း မြို့ထဲမှာတောင် လက်နက်ကြီးကျည်မှန်ပြီး မီးလောင်တာပဲ''ဟု ငလိုင်ရွာသား တစ်ဦးက ပြောသည်။

သည့်အပြင် ဖနိုင်ကျေးရွာအတွင်းရှိ ရွာသားတချို့လည်း တောင်ယာတဲများသို့ ပြောင်း‌ေရွ့ခြင်း၊ ဘေးလွတ်မည့်ရွာ များသို့ပြောင်း‌ေရွ့ခြင်းနှင့် အိန္ဒိယနယ်စပ် ဘက်ကို ထွက်ပြေးသူများလည်း ရှိနေကြောင်းသိရသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြသည့် ငလိုင်ကျေးရွာနှင့် ဖနိုင်ကျေးရွာသည် ကျေးရွာကြီးများဖြစ်ကြပြီး မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင်တည်ရှိ၍ မတူပီ အခြေချ စစ်ဗျူဟာတပ်နှင့် ခလရ (၁၄၀ ) တပ်ရင်းနှင့် နီးကပ်လျက်ရှိနေသည့် ရွာများလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly