မင်းကင်းမြို့နယ် တိုက်ပွဲတွင် အရပ်သား ၁၂ ဦးနှင့် တောင်တွင်း PDF အဖွဲ့ဝင် ၃ ဦး ကျဆုံး

မင်းကင်းမြို့နယ် တိုက်ပွဲတွင် အရပ်သား ၁၂ ဦးနှင့် တောင်တွင်း PDF အဖွဲ့ဝင် ၃ ဦး ကျဆုံး

စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကလေးဝ- မုံရွာ အာရှကားလမ်းမဘေးရှိ၊ ဂုံညင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တောင်တွင်း PDFတို့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အရပ်သား ၁၂ ဦးနှင့် တောင်တွင်းPDF သုံးဦး ကျဆုံးကြောင်း တောင်တွင်း PDF ထံက သိရသည်။

စက်တင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲသည် ၂နာရီ ဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ကူများဖြင့်ပစ်ခတ်ခြင်းကြောင့် ဒေသခံနှင့် PDF အဖွဲ့တို့မှ စုစုပေါင်း ၁၅ ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

“ကျွန်‌ေတာ်တို့က စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်တာပါ။ လက်နက်ကြီးပစ်ကူကြောင့်နောက်ဆုတ်ပေးလိုက်ရတာ ။ ဒီနေ့မနက်မှ တောနင်းလိုက်ရှာတာ ၁၅ ဦးသေဆုံးနေတာ တွေ့တယ်။ ဒီနေ့သင်္ဂြိုလ်ပေးလိုက်ပါပြီ ။ ကျွန်‌ေတာ်တို့ PDF တွေက သုံးယောက်ကျတယ်။ ကျန်တာက ဒေသခံပြည်သူတွေပါ။ အားလုံးအမျိုးသားတွေပါ ။ တချို့က လယ်ထဲအလုပ်လုပ်နေတဲ့သူတွေနဲ့ တောထဲထွက်ပြေးနေကြတဲ့သူတွေပါ ။ လက်နက်ကြီးကျည်မှန်တာပါ ။ ကျွန်တော်တို့ကို အမြန်ဆုံး လက်နက်တပ်ဆင်ပေးပါလို့ NUGကို ပြောချင်ပါတယ်”ဟု တောင်တွင်း PDFတပ်ဖွဲ့ဝင်တစ်ဦးမှပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့သည်။

တိုက်ပွဲကြောင့် မင်းကင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁,၅၀၀ ကျော် တောတွင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

တောင်တွင်းPDF အဖွဲ့သည် မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required