စစ်ကိုင်းတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် SPDF နောက်ဆုံးအကြိမ် သတိပေး

စစ်ကိုင်းတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် SPDF နောက်ဆုံးအကြိမ် သတိပေး

စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ယနေ့ စက်တင်ဘာ ၂၆ ရက် မှစ၍ နုတ်ထွက်ပြီး ပြည်သူနှင့် အတူ ပူးပေါင်းရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေးမှုကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF) က ယနေ့ စက်တင်ဘာ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

“ အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ယနေ့မှ စပြီး နုတ်ထွက်ကာ ပြည်သူနဲ့ အတူ ပူးပေါင်းပါဝင်ကြဖို့ နောက်ဆုံးအကြိမ် သတိပေး တိုက်တွန်းပါတယ် ” ဟု စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

အလားတူ စစ်ကိုင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ ဝန်ထမ်းများ အားလုံး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင် ၊ ကနီ ၊ ပုလဲ ၊ ကလေး ၊ ကသာနှင့် ဒီပဲယင်း စသည့်မြို့နယ်များ တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တို့ကြား နေ့စဉ်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်သည့် အုပ်ချုပ်ရေးမှုးများအနေဖြင့် နုတ်ထွက်ကြရန် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly