အမေရိကန်အခြေစိုက်အစွန်းရောက်များက တိုက်ခိုက်မှု ပြုလုပ်ရန် ကြံစည်နိုင်ကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲ သတိပေး

26 September 2021
အမေရိကန်အခြေစိုက်အစွန်းရောက်များက တိုက်ခိုက်မှု ပြုလုပ်ရန် ကြံစည်နိုင်ကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲ သတိပေး

အာဖဂန်နစ္စတန်အား တာလီဘန်များ သိမ်းပိုက်လိုက်ခြင်းက အမေရိကန်အခြေစိုက်အစွန်းရောက်များအနေဖြင့် နိုင်ငံတွင်း ကြံစည်တိုက်ခိုက်ရန် တွန်းအားပေးမှုတစ်ခု ဖြစ်လာနိုင်ကြောင်း ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ခရစ်တိုဖာ ဝါရေးက စက်တင်ဘာ ၂၁ရက်တွင် သတိပေးလိုက်သည်။

ဝါရေးက ဆီးနိတ်လွှတ်တော် ပြည်တွင်း လုံခြုံရေးနှင့် အစိုးရရေးရာကော်မတီရှေ့မှောက်၌ ပြောဆိုရာတွင် ၂၀၂၀ ပြည့်နှစ်၊ နွေဦးမှ စ၍ ပြည်တွင်းအကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာပြီး အကြမ်းဖက်မှု ၁၀ဝဝ ခန့်မှ ဖြစ်နိုင်ချေစုံစမ်းမှုအရ ၂,၇၀ဝ အထိရှိလာပြီး အစွန်းရောက်အုပ်စုများသည် အမေရိကန်အား တိုက်ခိုက်ရန်ကြံစည်မှုကို မည်သည့်အခါမျှရပ်တန့်ခြင်းမရှိကြောင်း The Hill က ဖော်ပြခဲ့သည်။

“အာဖဂန်နစ္စတန်က အခြေအနေတွေကြောင့် ပထမဆုံးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ဖို့ လှုံ့ဆော်မှုရှိလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်” ဟု ဝါရေးက ကော်မတီကို ပြောကြားခဲ့သည်။

“ ဒါကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီကိစ္စရပ် ၂ရပ်စလုံးက ဆက်လက် များပြားလာမှာကို ကျွန်တော်တို့ ကြိုမြင်ထားဖို့ လိုပါမယ်” ဟု ဝါရေးက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ကို တာလီဘန်များသိမ်းပိုက်ပြီးနောက် လွန်ခဲ့သောနှစ် ၂၀ကထက် အကြမ်းဖက်ခြိမ်းခြောက် မှုအန္တရာယ် မလျော့နည်းကြောင်း အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးစင်တာ၏ ညွှန်ကြားရေးမှူး ခရစ်တင်း အဘီဇက်ကလည်း ကော်မတီရှေ့မှောက်တွင် ထွက်ဆိုခဲ့သည်ဟု The Hill က ဖော်ပြခဲ့သည်။

အယ်လ်ကိုင်ဒါနှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့(ISIS) တို့သည် အင်အားများကို ပြန်လည်စုစည်းပြီး မည်သို့တိုက်ခိုက်လာမည်ကို အမေရိကန်အရာရှိများက စောင့်ကြည့်နေကြောင်း အဘီဇက်က ပြောကြားခဲ့သည်။

"အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာပြီးတဲ့နောက်မှာ ဒီဒေသရဲ့ခြိမ်းခြောက်မှုက ပြင်ပကိုဦး တည်တဲ့ တိုက်ခိုက်မှုအဖြစ် အထူးသဖြင့် အမေရိကန်ကို ဦးတည်တဲ့တိုက်ခိုက်မှုကို ဘယ်အချိန်မှာလုပ်နိုင်မလဲ ဆိုတာ မေးစရာ ဖြစ်လာပါပဲ” ဟု အဘီဇက်က ပြောကြားခဲ့သည်။

“ ထောက်လှမ်းရေးအမြင်ကနေ ပြောရမယ်ဆိုရင် ဒါက ကျွန်မတို့ရဲ့ ထိပ်တန်းဦးစားပေးတွေထဲက တစ်ခုဖြစ်ပြီး ဒီအုပ်စုတွေက ဘယ်အချိန်မှာ ပြည်ပတိုက်ခိုက်မှုကို ပြုလုပ်မလဲဆိုတာကို စောင့်ကြည့် အကဲဖြတ်ဖို့ပါပဲ” ဟု အဘီဇက်က ထပ်မံ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly