ဆော်ဒီအာရေဗျ အမျိုးသားနေ့ စစ်ရေးပြပွဲမှာ ပထမဆုံးအဖြစ် အမျိုးသမီးတွေ ပါဝင်စစ်ရေးပြ 

ဆော်ဒီအာရေဗျ အမျိုးသားနေ့ စစ်ရေးပြပွဲမှာ ပထမဆုံးအဖြစ် အမျိုးသမီးတွေ ပါဝင်စစ်ရေးပြ 
Photo - AFP

စက်တင်ဘာလ ၂၄ ရက် 

ဆော်ဒီအာရေဗျနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအဖြစ် နိုင်ငံရဲ့ အမျိုးသားနေ့ စစ်ရေးပြပွဲမှာ အမျိုးသမီးတွေ ပါဝင်ချီတက်စစ်ရေးပြခဲ့ပါတယ်။ 

ဆော်ဒီအာရေဗျ ၉၁ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရာထူးအဆင့် အသီးသီးရှိ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ တစ်နာရီကြာ ချီတက်စစ်ရေးပြမှုကို ပြုလုပ်ခဲ့တာပါ။ 

ဆော်ဒီမြို့တော် ရီယက်ဒ်မှာ ပြုလုပ်တဲ့ အခု စစ်ရေးပြသမှုကို ပြည်ထဲရေးဝန်ကြီးဌာနက ဧည့်ခံဖျော်ဖြေရေး အာဏာပိုင်အဖွဲ့ချုပ် GEA နဲ့ ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဂျက်ဒက်ရှ်မြို့မှာလည်း အလားတူ စစ်ရေးပြပွဲကို ဆင်နွှဲကျင်းပပါတယ်။ 

စစ်သားတွေ စစ်ချီတက်စစ်ရေးပြတာကို ဆော်ဒီနိုင်ငံသားနဲ့ ဒေသခံ ရာပေါင်းများစွာက ကြည့်ရှုအားပေးကြပြီး ဆော်ဒီအလံတွေကိုလည်း ဝှေ့ယမ်းကြကာ ဂုဏ်ပြုကြွေးကြော်ကြပါတယ်။ 

နစ်ဒ်နှင့် ဟီဂျက်ဇ် ဘုရင့်တိုင်းပြည်ကနေ ၁၉၃၂ ခုနှစ်မှာ ဘုရင် အက်ဒူအဇစ်ဆော်ရဲ့ တော်ဝင်အမိန့်ပြန်တမ်းနဲ့ ဆော်ဒီအာရေဗျဘုရင့်နိုင်ငံတော်အဖြစ် အမည်ပြောင်းလဲခဲ့တဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ဆော်ဒီအာရေဗျ အမျိုးသားနေ့ကို ကျင်းပလေ့ ရှိတာပဲ ဖြစ်ပါတယ်။ 

GEA အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပမယ့် ဒီ အခါသမယအတွက် ပွဲလမ်းသဘင် အခမ်းအနားတွေ မြောက်မြားစွာကို စီစဉ်ထားပါတယ်။ COVID-19 ကူးစက်ပြန့်နှံ့မှုကို ရှောင်ရှားဖို့အတွက်တော့ ပွဲလမ်းသဘင်အခမ်းအနားတွေတစ်လျှောက်မှာ ကြိုတင်ကာကွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံသားအားလုံးနဲ့ နေထိုင်သူတွေကို တိုက်တွန်းထားပါတယ်။ 

ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနဟာ အမျိုးသမီးတွေအနေနဲ့ စစ်တပ်အလုပ်အကိုင်တွေအတွက် လက်ရှိမှာ လျှောက်ထားနိုင်ကြပြီဆိုပြီး ဖေဖော်ဝါရီလအတွင်းက အတိအလင်း ပြောဆိုခဲ့တာပါ။ 

ခုလို အမျိုးသမီးတွေ စစ်တပ်မှာ အမှုထမ်းနိုင်ခွင့်ပြုတဲ့ ဆောင်ရွက်ချက်ဟာ အိမ်ရှေ့မင်းသား မိုဟာမတ် ဘင် ဆာလမန်ရဲ့ ၂၀၃၀ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒီ စီမံကိန်းဟာ အလုပ်အကိုင် အမျိုးမျိုးမှာ ဆော်ဒီအာရေဗျ အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်ပေးဖို့ ရည်သညန်ထားတဲ့ စီမံကိန်းပဲ ဖြစ်ပါတယ်။ 

အခုဆိုရင် ဆော်ဒီအာရေဗျစစ်တပ်၊ တော်ဝင်ဆော်ဒီလေတပ်ကာကွယ်ရေး၊ တော်ဝင်ဆော်ဒီရေတပ်၊ တော်ဝင်ဆော်ဒီမဟာဗျူဟာဒုံးကျည်တပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဆေးဝါးဌာနတွေမှာ အမျိုးသမီးတွေ အမှုထမ်းဖို့ စာရင်းပေးနိုင်ပြီလည်း ဖြစ်ပါတယ်။ 

ဆော်ဒီအာရေဗျ အမျိုးသမီးတွေကို ရဲဖော်၊ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီးနဲ့ အကြီးတန်းတပ်ကြပ်ကြီးတွေအဖြစ် လူသစ်စုဆောင်းနေပြီဖြစ်ကြောင်း အစိုးရက ပြောထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly