မြန်မာ့အရေးတွင် နိုင်ငံတကာကြိုးပမ်းမှုများ အလုပ်မဖြစ်၍ လမ်းကြောင်းပြောင်း ဆောင်ရွက်ရန်လိုဟု  ကုလ ကျွမ်းကျင်သူ ပြော

မြန်မာ့အရေးတွင် နိုင်ငံတကာကြိုးပမ်းမှုများ အလုပ်မဖြစ်၍ လမ်းကြောင်းပြောင်း ဆောင်ရွက်ရန်လိုဟု  ကုလ ကျွမ်းကျင်သူ ပြော

စက်တင်ဘာ ၂၃

ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အခြေအနေများသည် ပိုမိုဆိုးဝါးနေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန် အန်ဒရူးစ်က စက်တင်ဘာ ၂၂ ရက်တွင် ကုလ လူ့အခွင့်အရေးကောင်စီကို ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ထိခိုက်သေဆုံးမှုများကနေ ရှောင်လွဲနိုင်ရန်အတွက် နိုင်ငံတကာဘက်က “လမ်းကြောင်း ပြောင်းလဲ” လုပ်ဆောင်ရန် လိုကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

“အဓိက အချက်ကတော့ မြန်မာနိုင်ငံရဲ့ ယိုယွင်းဆိုးရွားလာနေခဲ့တဲ့ အခြေအနေတွေကို ထိန်းသိမ်းတားဆီးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လက်ရှိ ကြိုးပမ်းချက်တွေက အလုပ်မဖြစ်၊ မထိရောက်ဘူး ဆိုတာပါပဲ၊ ဒီတော့ လမ်းကြောင်း ပြောင်း ဆောင်ရွက်မှု လိုအပ်နေပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုနှင့် ယင်း၏ တပ်ဖွဲ့များသည် နိုင်ငံတွင် အရပ်သားပြည်သူ ၁,၁၀၀ ကျော်ကို သတ်ဖြတ်ထားခဲ့သလို လူပေါင်း ၈,၀၀၀ ကျော်ကိုလည်း ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းထားကာ အရပ်သား ၂၃၀,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးထားခဲ့ရသည်ဟု အန်ဒရူးစ်က ပြောသည်။ လက်ရှိတွင် နိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာသူ စုစုပေါင်း သန်းဝက်ကျော်အထိ ရှိနေပြီဟု ၎င်းက ပြောသည်။အာဏာသိမ်းစစ်အုပ်စုသည် ကလေးများကိုလည်း သက်ညှာချမ်းသာပေးခဲ့ခြင်းလည်း မရှိပေ။ ဇူလိုင်လအထိ အာဏာသိမ်းစစ်အုပ်စု၏လက်ချက်ကြောင့် အသက် ၁၄ လ ကနေ ၁၇ နှစ်အကြား အသက်အပိုင်းအခြား အသီးသီးရှိ ကလေးငယ် ၇၅ ဦးထက်မနည်း သေဆုံးထားခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ ဖမ်းဝရမ်း ထုတ်ထားသူများကို ဖမ်းမမိသည့်အချိန်တွင် အခြားမိသားစုဝင်များကို စနစ်တကျ ပြန်ပေးဆွဲခေါ်ဆောင်နေမှုများလည်း ရှိကြောင်း ကုလ ကျွမ်းကျင်သူက ကောင်စီကို ပြောသည်။ “အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့တွေဟာ သူတို့ရဲ့ မူလ စီးနင်းဖမ်းဆီးလိုတဲ့ ပစ်မှတ်ကို ဖမ်းမမိဘဲ လွတ်သွားတဲ့အခါ အခြား မဆိုင်တဲ့ လူပုဂ္ဂိုလ် ၁၇၇ ဦးထက်မနည်းကို ဥပဒေမဲ့ ဖမ်းဆီးထားခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေ ကျွန်တော် ရထားပါတယ်၊ အဲဒီလို အဖမ်းခံရသူတွေထဲမှာ လသားအရွယ် ကလေးတွေအထိ ငယ်ရွယ်တဲ့သူတွေလည်း ပါနေခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အာဏာသိမ်းစစ်အုပ်စုသည် မြန်မာနိုင်ငံတွင် အများပြည်သူ အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများကို ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု၊ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အခွင့်အရေး၊ တရားမျှတမှု လက်လှမ်းမီ ရရှိရေးနှင့် လွတ်လပ်သော သတင်းမီဒီယာတို့အပေါ် ဖြိုဖျက်နေသည်ဟု ၎င်းက ပြောခဲ့သည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်နှင့် ကျန်းမာ‌ရေး စောင့်ရှောက်မှုအတတ်ပညာရှင်များအပေါ် စစ်အုပ်စုဘက်က ကိုယ်ထိလက်ရောက်ကျူးလွန်ထားမှုနှင့်အတူ ကျန်းမာရေးအခွင့်အရေးသည် ထိခိုက်တိုက်စားခံထားရသည်။

ယင်းအတွက်ကြောင့် ပိုမို အားကောင်းသည့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သော စီးပွားရေး ဖိအားပေးမှုနှင့် လက်နက်ရောင်းချမှု ပိတ်ပင်မှုတစ်ခုတို့ ချမှတ်ခြင်းအားဖြင့် အာဏာသိမ်းစစ်အုပ်စုအပေါ် မြန်မာပြည်သူများ၏ ဆန့်ကျင်နေမှုများကို ထောက်ပံ့ကူညီရန် အန်ဒရူးစ်က အစိုးရများကို တိုက်တွန်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required