နယ်စပ်ထိန်းချုပ်စည်းနှင့် ပတ်သက်၍ စစ်ရေးတင်းမာနေခြင်းအပေါ် တွေ့ဆုံဖြေရှင်းရန် အိန္ဒိယနှင့် တရုတ် သဘောတူ

နယ်စပ်ထိန်းချုပ်စည်းနှင့် ပတ်သက်၍ စစ်ရေးတင်းမာနေခြင်းအပေါ် တွေ့ဆုံဖြေရှင်းရန် အိန္ဒိယနှင့် တရုတ် သဘောတူ

အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် တရုတ်နို်ငငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီမြို့၌ စက်တင်ဘာ ၁၆ ရက်က ကျင်းပခဲ့သည့် ‘ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေး နွေးပွဲ’ ၏ သီးခြားအစီအစဉ်အဖြစ် တွေ့ဆုံရာတွင် နှစ်နိုင်ငံ စစ်ဘက်နှင့် သံတမန်ရေးရာ အရာရှိများ ထပ်မံတွေ့ဆုံပြီး နယ်စပ်ထိန်းချုပ်စည်း (LAC) နှင့် ပတ်သက်၍ စစ်ရေးအရ တင်းမာမှုတွင် ကျန်ရှိနေသော ပြဿနာများကို အမြန်ဆုံး ဆွေးနွေးဖြေရှင်းရန် သဘောတူညီလိုက်ကြသည်။

နယ်စပ်ဒေသပြဿနာဖြေရှင်းရေးအတွက် ဝမ်နှင့် ဆွေးနွေးခဲ့ကြောင်း ဂျိုင်ရှန်ကာက တွစ်တာပို့စ်များတွင် ရေးသားခဲ့သလို နှစ်နို်ငငံ ဆက်ဆံမှု တိုးတက်စေရေးတွင် အခြေခံကျသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ယင်းကိစ္စတွင် တိုးတက်ရန် လိုကြောင်း လည်း ပြောကြားသည်။

ဂျိုင်ရှန်ကာ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ သီးခြားတွေ့ဆုံမှုတွင် အိန္ဒိယ-တရုတ်ဆက်ဆံရေးသည် လွန်စွာ ဆိုးရွားခဲ့ကြောင်း ဝမ်က ပြောကြားခြင်းကို ပြန်လည်ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား လက်ရှိအခြေအနေသည် ဆက်ဆံရေးကို ဆိုးရွားနိုင်သောကြောင့် မည်သည့်ဘက်အတွက်မှ အကျိုးမရှိစေကြောင်း နှစ်ဘက်စလုံးက သဘောတူညီခဲ့သည်။

အပြန်အလှန်သဘောတူညီချက်များနှင့် စည်းမျဉ်းများကို အပြည့်အဝလိုက်နာကာ အရှေ့ပိုင်းလာဒါခါဒေသရှိ LAC တစ်လျှောက်တွင် ကျန်ရှိနေသည့် ပြဿနာများကို အမြန်ဆုံးဖြေရှင်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဂျိုင်ရှန်ကာက အလေးထားပြောကြားခဲ့သည်။

စစ်ဘက်နှင့် သံတမန်ရေးရာ ဆွေးနွေးမှုများစွာ လုပ်ဆောင်ပြီးနောက် အိန္ဒိယနှင့် တရုတ်တို့သည် ပန်ဂေါင်ရေကန် တောင်ဘက်နှင့် မြောက်ဘက်တို့တွင် အသီးသီးနေရာယူထားသည့် ရှေ့တန်းတပ်ဖွဲ့များနှင့် စစ်ယာဉ်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ဩဂုတ်လအတွင်းက နှစ်ဘက်စလုံးက ဂိုဂရာဒေသတွင် တပ်ဖွဲ့များ ထပ်မံစေလွှတ်ခြင်းနှင့် ယင်းနယ်မြေတွင် ယာယီအဆောက်အအုံများနှင့် အခြားတည်ဆောက်ထားသည့် အရာများကို ဖျက်သိမ်းခဲ့သည်။ ယင်းဒေသတွင် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့အနည်းငယ်စီကို ဆက်လက်ချထားဆဲ ဖြစ်သည်။

ထို့ပြင် LAC ရှိ ရေပူစမ်းနှင့် ဒက်စပန်ကဲ့သို့သော ပြဿနာများ ကျန်ရှိနေသေးသည်။

ဝန်ကြီးနှစ်ဦးတို့ တွေ့ဆုံရာတွင် နောက်ဆုံးဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေများကိုလည်း သဘောထား အမြင်များ ဖလှယ်ခဲ့ကြသည်။

အိန္ဒိယနှင့် တရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန်လေးစားမှု ထားရှိရန် ဆွေးနွေးခဲ့ကြကြောင်း ဂျိုင်ရှန်ကာက ပြောကြားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြမထားသော်လည်း ဂျိုင်ရှန်ကာ၏ မှတ်ချက်များသည် အာဖဂန်နစ္စတန်အခြေအနေကို ရည်ညွှန်းနေသည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်အား ပြီးခဲ့သည့် လအတွင်းက သိမ်းပိုက်ပြီးနောက် တရုတ်အစိုးရသည် ၎င်း၏ ပါကစ္စတန်မဟာမိတ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ တာလီဘန်တို့အတွက် တရုတ်အစိုးရက ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသည့် အကူအညီအများကို ပေးခဲ့သလို ကဘူးလ်မြို့တွင် သံရုံး ဆက်လက်ဖွင့်ထားသည့် နိုင်ငံအနည်းငယ်တွင် တရုတ်လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly