အိန္ဒိယအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပါကစ္စတန်က အားပေးနေကြောင်း နိုင်ငံခြားရေးရာဝန်ကြီး ပြောကြား

အိန္ဒိယအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပါကစ္စတန်က အားပေးနေကြောင်း နိုင်ငံခြားရေးရာဝန်ကြီး ပြောကြား

အိန္ဒိယနိုင်ငံအား အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ရန် ပါကစ္စတန်က ကြိုးပမ်းနေကြောင်းကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီအခြေစိုက် အကြံပေးအဖွဲ့ Hudson Institute ၏ အစီရင်ခံစာတွင် ရှင်းလင်းစွာ ဖော်ပြထားကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရအရာရှိက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံပိုင်နက်အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက် လုပ်ငန်းများနှင့် အဆို အကြမ်းဖက်လုပ်ငန်းစဉ်များက အခြားနိုင်ငံများ အပေါ် အန္တရာယ် ဖြစ်စေခြင်းကို အမေရိကန် အာဏာပိုင်များက နားလည်သင့်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်ဟု ပြောခွင့်ရအရာရှိ အာရင်ဒမ်ဘက်ချီက အပတ်စဉ် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

“အစီရင်ခံစာကို ကျွန်တော်တို့ ဒီနေ့တွေ့ရတဲ့အခါ အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ပါကစ္စတန်က ကြိုးပမ်းအားပေးနေကြောင်းကို လေ့လာသုံးသပ်ထားတာကို စိတ်ဝင်စားဖွယ်ရာ တွေ့လိုက်ရပါတယ်” ဟု ဘက်ချီက ပြောကြားသည်။

‘ပါကစ္စတန်၏ မတည်ငြိမ်ရန် လုပ်ဆောင်နေမှုစာအုပ်--အမေရိကန်အတွင်း ခါလစ်အကြမ်းဖက်ဝါဒအဖွဲ့၏ လှုပ်ရှားမှု’ ဟု အမည်ပေးထားသည့် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်တစ်နေ့တွင် ဘက်ချီက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်မြေပေါ်မှာ အကြမ်းဖက်လှုပ်ရှားမှု ဖြစ်ပေါ်နေပြီး ဒီလှုပ်ရှားမှုတွေဟာ အကြမ်းဖက်ဝါဒနဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်နေတဲ့ သဘောထားတူညီတဲ့ ပြည်သူတွေနဲ့ နိုင်ငံတွေကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ အမေရိကန်အာဏာပိုင်တွေ သိမြင်နားလည်စေဖို့ မျှော်လင့်ကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်” ဟု ဘက်ချီက ပြောကြားသည်။

ခါလစ်စတန်အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုများ မကြာသေးမီက အမေရိကန်နိုင်ငံအတွင်း မြင့်တက်လာခြင်းနှင့် အဆိုပါအကြမ်းဖက်အုပ်စုများသည် ငွေကြေး၊ အထောက်အပံ့နှင့် စစ်သင်တန်းများကို ပါကစ္စတန်မှ ရရှိနိုင်ဖွယ်ရှိကြောင်း Hudson အစီရင်ခံစာတွင် ဖော်ပြထားသည်။

ခါလစ်စတန်အကြမ်းဖက်အုပ်စုများအပေါ် အမေရိကန်အစိုးရက အရေးယူဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် တိုက်တွန်းတောင်းဆိုထားသလို အိန္ဒိယ၌ ဖြစ်ပွားသည် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူအုပ်စုအားလုံးကို ကမ္ဘာ့အကြမ်းဖက်အုပ်စုများအဖြစ် စာရင်းထည့်သွင်းသင့်ကြောင်း ဖော်ပြထားသည်။

ယင်းအုပ်စုများကို အရေးယူပေးရန် အိန္ဒိယအစိုးရကလည်း တောင်းဆိုထားပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

“ခါလစ်စတန်အဖွဲ့ကို အဓိ ထောက်ပံ့နေသူတွေဟာ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်တို့လို အနောက်နိုင်ငံတွေမှာ အခြေချနေပြီး အကြမ်းဖက်မှုကို ကျူးလွန်နေပေမယ့် အမေရိကန်အစိုးရက စိတ်ဝင်စားမှု မရှိပါဘူး။ ဒီနိုင်ငံတွေရဲ့ ပိုင်နက်တွေထဲမှာ ခါလစ်စတန်ခွဲထွက်ရေး အုပ်စုတွေကို ထိန်းချုပ်ဖို့ အိနိ္ဒယက အရေးတကြီး တောင်းဆိုနေမှုအပေါ် အဲဒီအစိုးရတွေက တုံ့ပြန်ဆောင်ရွက်မပေးပါဘူး” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly