ဝိုင်ပို့ကုန်ဆိုင်ရာ တရုတ်၏ အခွန်စည်းကြပ်ကောက်ခံမှုကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက် ချမှတ်‌ရေး WTO ထံ သြစတြေးလျ ပန်ကြား

ဝိုင်ပို့ကုန်ဆိုင်ရာ တရုတ်၏ အခွန်စည်းကြပ်ကောက်ခံမှုကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက် ချမှတ်‌ရေး WTO ထံ သြစတြေးလျ ပန်ကြား

သြစတြေးလျ၏ ဝိုင် ပို့ကုန်များအပေါ် အကြီးအကျယ်ထိခိုက်မှု ဖြစ်စေသည့် စည်းကြပ်ခွန်များ တရုတ်ဘက်မှ ပြဋ္ဌာန်းချမှတ်မှုအပေါ် လက်မခံ ပယ်ချသည့် စီရင်ဆုံးဖြတ်ချက်တစ်ရပ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဘက်မှ ထုတ်ပြန်ချမှတ်ပေးရေးအတွက် ကင်ဘာရာက စက်တင်ဘာ ၁၆ ရက်က ပန်ကြား တောင်းဆိုခဲ့သည်။ ယင်းမတိုင်မီက အငြင်းပွားမှုကို ပြေလည်အောင် ဖြေရှင်းရေးအတွက် ကနဦး ညှိနှိုင်းဆွေးနွေးမှုများမှာ အောင်မြင်ထားခဲ့ခြင်း မရှိပေ။

ပေကျင်း၏ စည်းကြပ်ခွန် ကောက်ခံမှုများနှင့်ပတ်သက်ပြီး WTO ထံ တင်ပြတိုင်တန်း စိန်ခေါ်သွားမည် ဖြစ်ကြောင်း သြစတြေးလျက ပြီးခဲ့သည့် ဇွန်လက ပြောထားသည်။ တရုတ်၏ အခွန်စည်းကြပ်မှုက သြစတြေးလျ၏ အကြီးဆုံး ပြည်ပ ဝိုင်စျေးကွက်ကို တံခါးပိတ်လုနီးပါး ဖြစ်စေသည့် အတားအဆီးတစ်ခုလည်း ဖြစ်သည်။

အငြင်းပွားမှု ပြေလည်အောင် ဖြေရှင်းရေး ညှိနှိုင်းဆွေးနွေးမှု ကာလတစ်ခုတွင် အောင်မြင်မှုရလဒ် ထွက်ပေါ်လာခဲ့ခြင်း မရှိသည့်နောက် စက်တင်ဘာ ၁၆ ရက်တွင် တရုတ်အပေါ် ဆန့်ကျင်သည့် ဆုံးဖြတ်ချက် ချမှတ်ရေးအတွက် သြစတြေးလျက အထက်ပါအတိုင်း WTO ထံ ပန်ကြားခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ၏ အဆိုပါ လုပ်ဆောင်ချက်က တရုတ်နှင့်အကြား ယင်း၏ ဆက်ဆံရေးကို ထပ်မံ ဆိုးရွားစေမည်မှာ သေချာသလောက် ဖြစ်သည်။

“သြစတြေးလျ ပို့ကုန်တင်ပို့သူတွေရဲ့ အခွင့်အ‌ရေးတွေအတွက် မိမိတို့ဘက်က ဆက်လက် ရပ်တည် လုပ်ဆောင်သွားပါမယ်” ဟု သြစတြေးလျ ကုန်သွယ်ရေး ဝန်ကြီး ဒန် တီဟန်က ဆုံးဖြတ်ချက်ကို ကြေညာစဥ် ပြောခဲ့သည်။

ပေကျင်းဘက်က အခွန်အ‌ကောက်များ ချမှတ်ပြီးနောက် တရုတ်ထံ သြစတြေးလျ၏ ဝိုင် တင်ပို့ရောင်းချမှုများသည် သြစတြေးလျဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာ သန်း ၈၄၀) ကျော်ကနေ အလွန်တရာ နည်းပါးသည့် ပမာဏတစ်ခုထိ ထိုးစိုက်ကျဆင်းခဲ့သည်ဟု လုပ်ငန်းတွင်း ကိန်းဂဏန်းများက ပြသနေသည်။

“သြစတြေးလျအနေနဲ့ တရုတ်နဲ့အကြား ဆွေးနွေးမှုတွေကနေတဆင့် ဒီကိစ္စကို တိုက်ရိုက် ဆွေး‌နွေးသွားဖို့ အဆင့်သင့် ဆက်ရှိနေပါမယ်” ဟုလည်း တီဟန်က ပြောသည်။

တချိန်တည်းမှာပင် သြစတြေးလျသည် ဘာလီ (မုယောစပါး) အပေါ် တရုတ်ဘက်မှ အခွန်အကောက် ချမှတ်မှုနှင့်ပတ်သက်ပြီး WTO ထံ တင်ပြတိုင်ကြားထားသလို အခြားသော ကုန်ပစ္စည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ဆန့်ကျင်ကန့်ကွက်ထားသည်။ ထိုလုပ်ရပ်များက “စီးပွားရေးအရ အကျပ်ကိုင်မှု” အဖြစ် ကင်ဘာရာက ပြောထားသည်။

တရုတ်သည် ကဏ္ဍအမျိုးမျိုးတွင် သြစတြေးလျ၏ ထုတ်ကုန်များအပေါ် တင်းမာကြမ်းတမ်းသည့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ထားသည်။

ယင်းသည် သြစတြေးလျက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ မူလဇာစ်မြစ်များကို စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး လူသိရှင်ကြား တောင်းဆိုခဲ့မှု၊ သတိထားဆင်ခြင်ရသည့် ဧရိယာများတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်ပယ်ချမှု၊ သြဇာအရှိန်အဝါ ရစေရေး ပေကျင်း၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်တုံ့ပြန်မှုတို့အတွက် တရုတ်ဘက်က သြစတြေးလျအပေါ် ပြစ်ဒဏ်ခတ်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည်။

တစ်ဘက်တွင်လည်း ရထားဘီးများ၊ လေအားလျှပ်စစ် တာဘိုင်များ၊ အစွန်းခံသံမဏိ လက်ဆေးကန်များ အပါအဝင် ထုတ်ကုန်များအပေါ် သြစတြေးလျဘက်မှ အခွန်ချမှတ်မှုကို စိန်ခေါ်ပြီး WTO ထံတွင် တိုင်တန်းမှုတစ်ခု ဖွင့်လှစ်လုပ်ဆောင်ထားသည်ဟု တရုတ်ကလည်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly